ဂျပန်က ကုန်ထုတ်လုပ်ငန်း ကုန်ဈေးနှုန်း အညွှန်းကိန်း ၁၃ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

စက်တင်ဘာလမှာ ကုမ္ပဏီတွေအကြား ကုန်ပစ္စည်း ရောင်းဝယ်မှုဆိုင်ရာ ဈေးနှုန်းဟာ ၁၃ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ ဂျပန် ဗဟိုဘဏ်ဖြစ်တဲ့ Bank of Japan (BOJ) ရဲ့ အရာရှိတွေက ပြောပါတယ်။

ဒါဟာ အဓိကအားဖြင့် ရေနံစိမ်းဈေး မြင့်တက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
စက်တင်ဘာလမှာ ကုန်ထုတ်လုပ်ငန်း ကုန်ဈေးနှုန်းဟာ အရင်နှစ် အလားတူကာလထက် ၆.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဗဟိုဘဏ် အရာရှိတွေက ပြောပါတယ်။ အဲဒီဈေးနှုန်းဟာ ၇ လ ဆက်တိုက် မြင့်တက်လာခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ် ဩဂုတ်လနောက်ပိုင်း အမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ရုံးတွေရဲ့ လျှပ်စစ်ဓာတ်အားခတွေ ထိုးတက်နေပြီး ရေနံဆိုင်ရာ ထုတ်ကုန်ဈေးတွေ မြင့်တက်နေတယ်လို့ အဲဒီ အရာရှိတွေက ထောက်ပြခဲ့ပါတယ်။
ဒီအနေအထား နှစ်ခုစလုံးဟာ ကမ္ဘာတစ်ဝန်းမှာ ဆက်လက်ပြီး စီးပွားရေးနာထန်ထူလာနေတဲ့ နိုင်ငံနဲ့နယ်မြေတွေက ဝယ်လိုအား ကြီးထွားလာနေတဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။
သံမဏိ၊ သစ်နဲ့ တခြား ကုန်ကြမ်းပစ္စည်းတွေရဲ့ ဈေးနှုန်းတွေအပေါ် ဂယက်ရိုက်မှုတွေလည်း အများအားဖြင့် အလားတူအနေအထား ဖြစ်ပေါ်နေပါတယ်။