တိုင်ဖွန်း Hagibis ဘေးဒဏ်ခံရ ၂ နှစ်ကြာပြီးနောက် ပြန်လည်နာလန်ထူလာမှုနှေးကွေး

ဂျပန်နိုင်ငံမှာ အင်အားပြင်းမုန်တိုင်း Hagibis ရဲ့ ဘေးဒဏ်ကို ခံခဲ့ရတာဟာ အင်္ဂါနေ့မှာ ၂ နှစ် ပြည့်ပြီဖြစ်ပါတယ်။

အဲဒီတိုင်ဖွန်းဒဏ်ကြောင့် ဂျပန်နိုင်ငံအရှေ့ပိုင်းမှာ မြေပြိုတာတွေနဲ့ မြစ်ရေလျှံမှုတွေကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အဲဒီဘေးဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ ခရိုင်တွေက အရာရှိတွေကို NHK က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ လေ့လာချက်စစ်တမ်းအရ အခုလအထိ နိုင်ငံအနှံ့မှာ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသူ ၁၂၃ ဦး ရှိပါတယ်။ အဲဒီအထဲက ၂၉ ဦးဟာ မုန်တိုင်းကြောင့် တိုက်ရိုက်ထိခိုက်သေဆုံးခဲ့တာ မဟုတ်ပေမဲ့ အဲဒါရဲ့ နောက်ဆက်တွဲအကျိုးကြောင့် သေဆုံးခဲ့ကြရပါတယ်။ ခရိုင် ၁၁ ခုမှာ လူ ၅,၃၀၀ ကျော် ၊ အိမ်ထောင်စုအားဖြင့် ၂,၅၀၀ နီးပါးလောက်ဟာ ယာယီနေအိမ်တွေ ဒါမှမဟုတ် သူတို့ရဲ့နေအိမ်တွေကနေ ဝေးကွာတဲ့နေရာတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေနှေးကွေးနေတဲ့အကြား အချိန်ကြာမြင့်လာတာနဲ့အမျှ အဲဒီ အသက်ရှင်လွတ်မြောက် ကျန်ရစ်ခဲ့သူတွေရဲ့နေထိုင်မှုဘဝအတွက် ပံ့ပိုးမှုဘယ်လိုပေးမလဲ ဆိုတာကို အစိုးရဟာ ရင်ဆိုင်နေရပါတယ်။