နိုင်ငံခြားသားတွေကာကွယ်ဆေးထိုးနိုင်ရေး ဘာသာစကားပေါင်းစုံနဲ့ ပိုမိုပံ့ပိုး

ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ ဟာ နိုင်ငံခြားသားတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးမှုတွေ အရှိန်မြှင့်တင်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းမှုအသစ်ကို စတင်လိုက်ပါပြီ။

အဲဒီလိုကြိုးပမ်းမှုထဲမှာ ဘာသာစကားမျိုးစုံနဲ့ ရှင်းလင်းပြောပြတာတွေ ပါဝင်ပါတယ်။ ဘာသာစကားအခက်အခဲ ဒါမှမဟုတ် ကာကွယ်ဆေးထိုးဖို့ လက်မှတ်ရဖို့ ခက်ခဲတာတွေကြောင့် လူများစွာတို့ဟာ ကာကွယ်ဆေးထိုးနိုင်ဖို့ရက်ချိန်းမယူနိုင်ဖြစ်နေပါတယ်။ နိုင်ငံခြားသားတွေအကြား ကာကွယ်ဆေးထိုးမှုနှုန်း နှေးကွေးနေတယ်ဆိုတဲ့အစီရင်ခံချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် အခုလိုလုပ်ဆောင်တာဖြစ်ပါတယ်။
တိုကျိုမြို့မှာရှိတဲ့ လဝကအေဂျင်စီရဲ့ နိုင်ငံခြားသားနေထိုင်သူတွေကို ပံ့ပိုးပေးရေးစင်တာဟာ တနင်္လာနေ့ကစပြီး တယ်လီဖုန်းဝန်ဆောင်မှုတွေကို ဂျပန် ၊ အင်္ဂလိပ် ၊ မြန်မာ စတဲ့ ဘာသာစကား ၁၈ မျိုးနဲ့ ကာကွယ်ဆေးထိုးနိုင်ရေး ရက်ချိန်းရဖို့အတွက် လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ တိုကျို ၊ အိုစာကာ နဲ့ နာ့ဂိုယာမြို့တွေက ဆေးရုံတွေမှာ ဆေးထိုးပေးတာတွေကို လုပ်နေပါတယ်။
နေထိုင်မှု မှတ်ပုံမတင်ထားတဲ့သူတွေကို လဝက မှာရှိတဲ့ သူတို့ရဲ့နေရပ်လိပ်စာတွေကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဆီ အကြောင်းကြားမှာဖြစ်ပြီး အဲဒါမှပဲ ကာကွယ်ဆေးထိုးပေးဖို့ လက်မှတ်တွေကို အဲဒီလူတွေဆီ ပေးပို့နိုင်မှာဖြစ်ပါတယ်။
လဝက အရာရှိတွေက သူတို့ဟာ နိုင်ငံခြားသားတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့နဲ့ မြူနီစီပယ်အုပ်ချုပ်ရေးအဖွဲ့ တွေရဲ့ လိုအပ်နေတာတွေကို တိုးမြှင့်ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အသေးစိတ်ကိုတော့ NHK WORLD ရဲ့ အင်တာနက် စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။ လဝကအေဂျင်စီရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြချက်အရ တယ်လီဖုန်းနံပတ် ၀၃-၄၃၃၂-၂၆၀၁ ကို ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးခံယူရေး ရက်ချိန်းရဖို့ လုပ်ပေးပါတယ်။
မြူနီစီပယ်အုပ်ချုပ်ရေးအဖွဲ့တွေဆီကနေ ကာကွယ်ဆေးထိုးလက်မှတ်တွေ ဘယ်လိုရအောင်ယူမလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း ကူညီပေးပါတယ်။ အခမဲ့ ဆက်သွယ်နိုင်တဲ့တယ်လီဖုန်းနံပတ် ၀၁၂၀ ၇၆ ၂၀၂၉ သို့ ဆက်ပါ။ အဲဒီနံပတ် ၂ ခုစလုံးကို တနင်္လာနေ့ကနေ သောကြာနေ့ အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ခေါ်လို့ရပါတယ်။
ဂျပန် ၊ အင်္ဂလိပ် ၊ တရုတ် ၊ ကိုရီးယား ၊ ပေါ်တူဂီ ၊ စပိန် ၊ ထိုင်း ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ခမာ ၊ နီပေါ ၊ အင်ဒိုနီးရှား ၊ မြန်မာ ၊ မွန်ဂိုလီယား ၊ ပြင်သစ် ၊ ဆင်ဟာလီ ၊ အူရဒူ ၊ ဘင်္ဂါလီ ဘာသာစကားတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။