Merck ဆေးကုမ္ပဏီက COVID-19 ဆေးကို အတည်ပြုပေးရန် FDA ထံတောင်းဆို

အမေရိကန်ဆေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Merck က COVID-19 ကုသဆေးအဖြစ် ပထမဦးဆုံးဖြစ်လာနိုင်တဲ့ ဆေးကိုအတည်ပြုပေးဖို့ အမေရိကန် အစားအစာနဲ့ဆေးဝါးကြီးကြပ်ရေးအဖွဲ့ FDA ကို တောင်းဆိုလိုက်ပါတယ်။

ဆေးကုမ္ပဏီ Merck ရဲ့အမှုဆောင်တွေက အဲဒီဆေးကို ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အရေးပါတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်လို့ ခေါ်ဆိုလိုက်ပါတယ်။ Merck ကုမ္ပဏီရဲ့ သိပ္ပံပညာရှင်တွေက molnupirivir ကို အရေးပေါ်အခြေအနေမျိုးမှာ အသုံးပြုခွင့်ပေးဖို့ FDA ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီဆေးဟာ ဗိုင်းရပ်စ်တွေပြန့်ပွားတာကိုတားဆီးနိုင်ဖို့ မျိုးဗီဇအမှတ်သညာထဲကို အမှားအယွင်းတွေထည့်သွင်းထားတယ်လို့ အဲဒီသိပ္ပံပညာရှင်တွေကပြောပါတယ်။
အဲဒီဆေးဟာ လူနာတွေ အခြေအနေဆိုးဆိုးရွားရွား ဖြစ်မလာအောင် ရောဂါကူးစက်ခံရတဲ့စောစောပိုင်းအဆင့်မှာ ရောဂါမပြင်းထန်အောင် ကုသပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ သူတို့က စမ်းသပ်မှုတွေမှာ အဲဒီဆေးဟာ ဆေးရုံတင်ရတဲ့အခြေအနေ ၊ ဒါမှမဟုတ် သေဆုံးမှုအန္တရာယ်ကို ၅၀ ရာခိုင်နှုန်းလောက် လျော့ကျစေတယ်လို့လည်း ဆိုပါတယ်။
အဲဒီသိပ္ပံပညာရှင်တွေထဲက ဦးဆောင်သူဖြစ်တဲ့ Daria Hazuda က အဲဒီဆေးဟာ ကာကွယ်ဆေးကို အစားထိုးတဲ့ဆေးမဟုတ်ဘူးလို့ ပြောပါတယ်။ နိုင်ငံအများအပြားမှာ ကာကွယ်ဆေးထိုးနှုန်းဟာ နည်းနေသေးဆဲဖြစ်ပါတယ်။ အဲဒီဆေးဟာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် ထပ်တိုးလာတဲ့လက်နက်တစ်ခု ဖြစ်လာဖွယ်ရာရှိတယ်လို့ ပြောပါတယ်။
အမေရိကန်ဆေးကုမ္ပဏီကြီး Pfizer နဲ့ ဆွစ်ဇာလန်ဆေးကုမ္ပဏီ Roche တို့ဟာ သူတို့ကိုယ်ပိုင်ထုတ်ကိုဗစ်ရောဂါကု သောက်ဆေးတွေကို စမ်းသပ်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီဆေးတွေဟာ အတည်ပြုခံရလို့ရှိရင် ဆေးထုတ်လုပ်မှုတွေများပြားလာစေဖို့ အထောက်အကူဖြစ်လာပါလိမ့်မယ်။