Facebook က ဆယ်ကျော်သက်တွေအတွက် Instagram အက်ပလီကေးရှင်း ထိန်းချုပ်မှုတွေကို စတင်မယ်

အမေရိကန် ဆိုရှယ်မီဒီယာကုမ္ပဏီကြီး Facebook က ကလေးတွေအတွက် ထုတ်လုပ်တဲ့ အက်ပလီကေးရှင်း အသစ်တစ်ခုနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကြားက Instagram အသုံးပြုတဲ့ လူငယ်တွေအတွက် ထိန်းချုပ်မှု အသစ်တွေကို စတင်မယ်လို့ ပြောလိုက်ပါတယ်။

အသက် ၁၃ နှစ်အောက်ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ “Instagram for Kids” အက်ပလီကေးရှင်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို Facebook က ယာယီရပ်ဆိုင်းထားပါတယ်။
Facebook ကုမ္ပဏီကိုယ်တိုင်ပြုလုပ်တဲ့ စစ်တမ်းကနေ Instagram အသုံးပြုတာက ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဖော်ပြခဲ့ပေမဲ့ အက်ပလီကေးရှင်းအသစ်ကို ဆက်လက်ပြီး ထုတ်လုပ်နေတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Facebook ဝန်ထမ်းဟောင်းတစ်ဦးက မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာမှုတစ်ခုမှာ ထွက်ဆိုခဲ့ပါတယ်။
Instagram အသုံးပြုသူ ဆယ်ကျော်သက် လူငယ်တွေအတွက် လုပ်ဆောင်ချက် အသစ်တွေကို Facebook ရဲ့ အမှုဆောင် အရာရှိတစ်ဦးဖြစ်သူ Nick Clegg က ABC နဲ့ တစ်ခြား ရုပ်မြင်သံကြား သတင်းကွန်ယက်တွေကနေ တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆယ်ကျော်သက်တွေအနေနဲ့ သူတို့ကို ကောင်းကျိုးမဖြစ်စေတဲ့ တူညီတဲ့ အကြောင်းအရာတစ်ခုကို ထပ်ခါတလဲလဲ ကြည့်နေခဲ့ရင် အဲဒီထဲက လုပ်ဆောင်ချက် အသစ်တစ်ခုက သူတို့ကို သတိပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ လူငယ်တွေ Instagram ကို အချိန်အကြာကြီး သုံးနေမယ် ဆိုရင် ခဏနားပြီးမှ သုံးဖို့ သတိပေးတဲ့ နောက်ထပ် လုပ်ဆောင်ချက် တစ်ခုလည်း ပါဝင်ပါတယ်။
အမတ်တွေက "Instagram for Kids" စီမံကိန်းကို ဖျက်သိမ်းဖို့ တိုက်တွန်းနေတဲ့အတွက် ဒီလုပ်ဆောင်ချက် အသစ်တွေက Facebook ကုမ္ပဏီကို ဒီစီမံကိန်း ပြန်လည်စတင်ဖို့ အထောက်အကူ ပြုနိုင်မလားဆိုတာ မသေချာသေးပါဘူး။