ဂျပန်ရဲ့ ထိပ်တန်းလေကြောင်းလိုင်းနှစ်ခု အစားထိုးလောင်စာဆီရရှိရေး ကြိုးပမ်း

ဂျပန်ရဲ့ ထိပ်တန်းလေကြောင်းလိုင်းနှစ်ခုက သူတို့ရဲ့ လေယာဉ်ခရီးစဉ်တွေမှာ အစားထိုးလောင်စာဆီ တိုးမြှင့်သုံးစွဲနိုင်ရေးအတွက် ပေါင်းဖက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အဲဒီလေကြောင်းလိုင်းကုမ္ပဏီ နှစ်ခုတို့ဟာ ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် အစိုးရနဲ့ရော စွမ်းအင်လုပ်ငန်းများနဲ့ပါ လုပ်ကိုင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။
All Nippon Airways နဲ့ Japan Airlines တို့ဟာ သောကြာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲအစီရင်ခံစာတစ်စောင်မှာ သူတို့ရဲ့ အစီအစဉ်ကို ထုတ်ဖော်ပြသထားပါတယ်။ အပင်တွေကနေထုတ်တဲ့ လေယာဉ်ဆီတွေနဲ့ တခြားမျိုးကွဲတွေကို အသုံးပြုတာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ဂျပန်မှာ ၂၀၅၀ မကုန်မီ ကာဗွန်ထုတ်လုပ်မှုနဲ့ သုံးစွဲမှုညီမျှတဲ့အဆင့်ကို ရောက်ဖို့အတွက် အစားထိုးလောင်စာတွေဟာ မရှိမဖြစ်လိုအပ်တယ်လို့ အဲဒီလေကြောင်းလိုင်းနှစ်ခုက ယုံကြည်ထားပါတယ်။
အဲဒီရည်မှန်းချက်ကို ရောက်ဖို့အတွက် ဂျပန်မှာ လေယာဉ်ခရီးစဉ်အားလုံးအတွက် ၁ နှစ်စာ လောင်စာဆီ လိုအပ်ချက် ကီလိုလီတာ ၂၃ သန်းကို ဖြည့်တင်းပေးနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီပမာဏဟာ ကပ်ရောဂါကြီးမဖြစ်မီ နှစ်စဉ်အသုံးပြု ပမာဏထက် အကြမ်းဖျင်း ၂ ဆလောက် ပိုများပါတယ်။
လက်ရှိကမ္ဘာမှာ အစားထိုးလောင်စာဆီထုတ်လုပ်မှုဟာ စုစုပေါင်း လေယာဉ်ဆီလိုအပ်ချက်ရဲ့ ၀.၀၃ ရာခိုင်နှုန်းတောင် မရှိပါဘူး။