ပါကစ္စတန်က နျူကလီးယား လက်နက်တီထွင်သူ သိပ္ပံပညာရှင် Khan ရဲ့ နိုင်ငံတော် စျာပန အခမ်းအနား

ပါကစ္စတန် နျူကလီးယားဗုံးလက်နက် ဖခင်ကြီးလို့ တင်စားခေါ်ဆိုကြတဲ့ သိပ္ပံပညာရှင်ကြီး ကွယ်လွန်သွားတဲ့အတွက် တနင်္ဂနွေနေ့က နိုင်ငံရဲ့ အကြီးဆုံးဗလီမှာ နိုင်ငံတော် စျာပန အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

သိပ္ပံပညာရှင်ကြီး Abdul Qadeer Khan ဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၅နှစ် ရှိပြီ ဖြစ်ပါတယ်။
Islamabad မြို့မှာရှိတဲ့ Faisal ဗလီမှာ ပါကစ္စတန်ရဲ့ နိုင်ငံ့သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရသူ မစ္စတာ Khan အတွက် နိုင်ငံတော် စျာပနအခမ်းအနား ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပါလီမန်အဆောက်အအုံနဲ့ မြို့တော် အနှံ့အပြားမှာ နိုင်ငံတော်အလံကို တိုင်တစ်ဝက် လွှင့်တင်ခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံကို သူ့ရဲ့ ရန်သူတွေလက်ကနေ ကာကွယ်ပေးတဲ့ နျူကလီးယား လက်နက်တွေကို မစ္စတာ Khan က တီထွင်ပေးခဲ့တယ်လို့ ပြောသူ မူလတန်း ကျောင်းသားလေးတစ်ဦး အပါအဝင် လူအများအပြား အဲဒီ စျာပနအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
မစ္စတာ Khan ရဲ့ အကူအညီနဲ့ ပါကစ္စတန်နိုင်ငံဟာ ပထဆုံး နျူကလီးယား စမ်းသပ်မှုကို ၁၉၉၈ ခုနှစ်မှာ အောင်အောင်မြင်မြင်နဲ့ ပြုလုပ်နိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ အီရန်အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေနဲ့ နျူကလီးယား နည်းပညာကို ဖလှယ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်လုပ်ဆောင်ခဲ့တာကို ဖော်ထုတ် တွေ့ရှိခဲ့ရတာကြောင့် ၂၀၀၄ ခုနှစ်မှာ သူ့ဟာ နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန် အပြစ်တင် ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။
မစ္စတာ Khan ကွယ်လွန်ရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့ ရပြီးနောက် သူ့အိမ်မှာ အနားယူ ကုသနေခဲ့တယ်လို့ ဆိုကြပါတယ်။