အာဖဂန်နစ္စတန် လုံခြုံရေးနဲ့ အကူအညီတွေအတွက် အမေရိကန် နဲ့ တာလီဘန် ဆွေးနွေး

Qatar နိုင်ငံ၊ Doha မြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ တာလီဘန် တို့ရဲ့ အကြီးတန်း ကိုယ်စားလှယ်တွေရဲ့ ၂ရက်ကြာ ဆွေးနွေးပွဲမှာ လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေနဲ့ အာဖဂန်နဲ့ ဆက်စပ်နေတဲ့ တခြား ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အာဖဂန်လူမျိုးတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ အမေရိကန်က သဘောတူခဲ့တယ်လို့ တာလီဘန် အဖွဲ့က ပြောပါတယ်။

စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကိုယ်စားလှယ်တွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ ပညာရှင်ဆန်ဆန် ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတွေနဲ့ ယာယီ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi အပါအဝင် တာလီဘန် ကိုယ်စားလှယ်တွေဟာ အတူဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့မှာ အာဖဂန်နစ္စတန်ကနေ အမေရိကန် စစ်တပ်တွေ အပြီးအပိုင် ပြန်ရုပ်သိမ်းသွားခဲ့ပြီးနောက်ပိုင်း ဒါဟာ နှစ်ဖက်အကြား ပထမဦးဆုံးသော ပြီးပြည့်စုံတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ တာလီဘန် အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Ned Price က ကိုယ်စားလှယ်တွေဟာ အာဖဂန်နစ္စတန် နိုင်ငံမှာ လုံခြုံရေးနဲ့ အကြမ်းဖက်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်ထဲမှာ ဆိုထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေနဲ့ အာဖဂန်ပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပြင် နိုင်ငံတွင်းက ထွက်ခွာလိုတဲ့ " အမေရိကန်နိုင်ငံသားတွေ ၊ တခြားနိုင်ငံသားတွေနဲ့ အာဖဂန်လူမျိုး မိတ်ဆွေတွေ" အတွက် ဘေးကင်းစိတ်ချစွာ ထွက်ခွာနိုင်ရေးကိုလည်း အလေးပေး ဆွေးနွေးခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းရဲ့ အသိအမှတ်ပြုမှုကို တာလီဘန်တွေ ရမရ ဆိုတာဟာ အဲဒီ အစ္စလာမ်မစ် အုပ်စုရဲ့ အခုကစ နောက်ပိုင်း လုပ်ဆောင်မှုတွေပေါ် မူတည်တယ်လို့ မစ္စတာ Price က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ဖို့ဆိုတာကို အပြောနဲ့သာမဟုတ် အလုပ်နဲ့လက်တွေ့ပြသမှုအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ထပ်လောင်းပြောကြားခဲ့တယ်လို့ မစ္စတာ Price က ပြောခဲ့ပါတယ်။