ကိုဗစ်ဖြစ်ပြီးသူတွေရဲ့ ၄ပုံ ၁ ပုံမှာ ၆လကြာပြီးတဲ့နောက် နောက်ဆက်တွဲဝေဒနာတွေ စွဲကျန်ခဲ့ဟု စစ်တမ်းဆို

ကိုဗစ်ဖြစ်ပြီးသူတွေရဲ့ ၄ပုံ ၁ပုံမှာ စဖြစ်ဖြစ်ချင်း ဒါမှမဟုတ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် ၆လအကြာမှာ နောက်ဆက်တွဲ အကျိုးဆက်လို့ ယူဆရတဲ့ ဝေဒနာတွေ ခံစားရတာကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်က သုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ စစ်တမ်းမှာ ပြသနေပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေ ပိုများတယ်လို့ အဲဒီစစ်တမ်းက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်းCOVID-19 ရောဂါဖြစ်ပွားခဲ့ပြီး ပြန်ကျန်းမာလာသူ ၄၅၇ ဦးကို ဂျပန်ရဲ့ ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးပညာဆိုင်ရာ စင်တာနဲ့ တခြားအဖွဲ့အစည်းတွေ ပါဝင်တဲ့ အဖွဲ့က စစ်တမ်း ကောက်ယူခဲ့ပါတယ်။ သူတို့က အသက် ၂၀တန်းကနေ ၇၀ တန်းအရွယ်တွေ ဖြစ်ပါတယ်။
အဲဒီသူတွေရဲ့ ၂၆.၃ ရာခိုင်နှုန်းမှာ ရောဂါပျောက်ပြီးတဲ့နောက် ၆လ အကြာမှာ မောပန်းတာလိုမျိုး ဝေဒနာတွေ ခံစားရတယ်ဆိုတာ တွေ့ရတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။
စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၇.၇ရာခိုင်နှုန်းက အနံ့ ပျောက်တယ်လို့ဆိုပြီး ၆.၆ ရာခိုင်နှုန်းက မောပန်းတယ်လို့ ဖြေဆိုခဲ့ပါတယ်။ ၃.၉ ရာခိုင်နှုန်းကတော့ အသက်ရှုမဝဘူးလို့ ဆိုပါတယ်။ အရသာခံစားမှုမှာ ပြဿနာရှိတယ်လို့ ဆိုသူက ၃.၅ ရာခိုင်နှုန်းရှိပြီး ဆံပင်ကျွတ်တယ်လို့ ဆိုသူက ၃.၁ ရာခိုင်နှုန်း ရှိပါတယ်။
အဲဒီ စစ်တမ်းမှာ အနံ့ ပျောက်တယ်လို့ ခံစားရသူတွေထဲမှာ အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် အမျိုးသမီးတွေက ၁.၉ ဆ ပိုများတာကိုလည်း တွေ့ရပါတယ်။ အရသာ ခံစားမှုမှာ ပြဿနာရှိသူတွေထဲမှာလည်း အမျိုးသမီးတွေက အမျိုးသားထက် ၁.၆ ပိုများပြီး မောပန်းတယ်လို့ ဆိုသူတွေထဲမှာ ၂ဆနဲ့ ဆံပင်ကျွတ်တယ်လို့ ဆိုသူတွေထဲမှာက ၃ ဆပိုများတာ တွေ့ရပါတယ်။
ငယ်ရွယ်သူတွေနဲ့ ပုံမှန်အလေးချိန်အောက် ရှိသူတွေမှာ အရသာခံစားမှုနဲ့ အနံ့ခံအာရုံမှာ ပြဿနာ ပိုဖြစ်တာလည်း တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဲဒီသူတွေမှာ COVID-19 ရောဂါလက္ခဏာ မပြင်းထန်ခဲ့ရင်တောင် နောက်ဆက်တွဲ ဝေဒနာတွေ စွဲကျန်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
ဒီစစ်တမ်းကို ဦးဆောင်ခဲ့သူ သုတေသီတွေထဲက တစ်ဦးဖြစ်တဲ့ Morioka Shinichiro က ကာကွယ်ဆေး ၂ကြိမ်ထိုးပြီးသူတွေမှာ နောက်ဆက်တွဲ ဝေဒနာတွေ စွဲကျန်ခဲ့တယ်ဆိုတဲ့ သတင်းပို့တာမျိုး မရှိတဲ့အတွက် ငယ်ရွယ်သူတွေမှာလဲ ကာကွယ်ဆေးထိုးဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။