ဂျပန်မှာ ရေနံစိမ်းစျေးနှုန်း ၃နှစ်တာမှာ အမြင့်ဆုံးဖြစ်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးရဲ့ ဂယက်ရိုက်မှုကနေ ကမ္ဘာ့စီးပွားရေး ဆက်လက် ပြန်နာလန်ထူလာတာကြောင့် ဝယ်လိုအားတွေ မြင့်တက်လာနေတဲ့အတောအတွင်း တိုကျိုမှာ ရေနံစိမ်းစျေးနှုန်းဟာ ၃နှစ်တာမှာ အမြင့်ဆုံးအဆင့်မှာ ဆက်ရှိနေပါတယ်။

အဓိကအညွှန်းကိန်းဖြစ်တဲ့ ဒူဘိုင်းရဲ့ မတ်လမှာတင်ပို့မယ့် ကြိုတင်ရောင်းဝယ်မှု ရေနံစိမ်းစျေးနှုန်းဟာ တနင်္လာနေ့က အချိန်တစ်ချိန်မှာ တစ်ကီလိုလီတာကို ၅၄,၅၀၀ ယန်းကျော်ကို တက်သွားခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၄၈၅ ဒေါ်လာလောက်ရှိပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ယန်းငွေတန်ဖိုးအားဖြင့် အမြင့်ဆုံး ဖြစ်ပါတယ်။
သောကြာနေ့က အမေရိကန်ရဲ့ အညွှန်းကိန်း WTI ရေနံစိမ်းစျေးနှုန်းဟာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၈၀ ကျော် ဖြစ်သွားခဲ့ပြီး ၇နှစ်တာလောက် ကာလအတွင်း အမြင့်ဆုံးဖြစ်ပါတယ်။
ရေနံစိမ်းပိုမို ထုတ်ယူခြင်းမပြုဖို့ ရေနံထွက်တဲ့ အဓိက နိုင်ငံကြီးတွေရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ချက်ကြောင့် ဖြန့်ချိမှု ခက်ခဲလာတဲ့အပေါ် စိုးရိမ်မှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ဂျပန်မှာ ဓာတ်ဆီစျေးနှုန်း ဆက်တက်နေပြီး ကုမ္ပဏီတွေအတွက် ကုန်ကျစရိတ် ပိုမိုမြင့်မားလာတာက မရှိမဖြစ်သုံးစွဲမှုတွေအပေါ် ဂယက်ရိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးမားလာနေပါတယ်။