ဘောလုံးပရိသတ်ရဲ့ ရိုင်းပြတဲ့ အပြုအမူအတွက် ဆော်ဒီ တောင်းပန်

ဆော်ဒီဘောလုံးပရိသတ်တစ်ချို့က လူမျိုးရေးခွဲခြားတဲ့ ပြုမူပြောဆိုမှု လုပ်ခဲ့တယ်လို့ ဂျပန်ဘောလုံးအသင်းခေါင်းဆောင်ကပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယား ဘောလုံးအဖွဲ့ချုပ်က တောင်းပန်ခဲ့ကြောင်း ဂျပန်ဘောလုံးအဖွဲ့ချုပ်(JFA)က ဆိုပါတယ်။

ကြာသပတေးနေ့က Jeddah မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲမှာ ဆော်ဒီအသင်းက ဂျပန်ကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအပြီး ဘောလုံးကွင်းဘေးမှာ ဂျပန်အသင်းရဲ့ ကက်ပ္ပတိန် Yoshida Maya က အင်တာဗျူး ဖြေနေတဲ့အချိန်မှာ ရိုင်းပြတဲ့အပြုအမူနဲ့ ကြုံခဲ့ရတာဖြစ်တယ်လို့ JFA က ဆိုပါတယ်။
အဲဒီအပြုအမူနဲ့ပတ်သက်ပြီး Yoshida က အသေးစိတ် ထုတ်ပြောခြင်းမရှိပေမဲ့ ဒါဟာ လုံးဝလက်မခံနိုင်စရာဖြစ်ပြီး၊ အရင်တစ်ခေါက် ခြေစစ်ပွဲမှာလည်း အလားတူအဖြစ်မျိုးနဲ့ ကြုံခဲ့ရတယ်လို့ ပြောသွားပါတယ်။
ဆော်ဒီဘောလုံးအဖွဲ့ချုပ်အနေနဲ့ အဲဒီဖြစ်ရပ်အတွက် တောင်းပန်ခဲ့ကြောင်း၊ ရိုင်းရိုင်းစိုင်းစိုင်းပြုမူခဲ့တဲ့ ဘောလုံးပရိသတ်တွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောကြားခဲ့ကြောင်း JFA က ဆိုပါတယ်။
အဲဒီဖြစ်ရပ်ဟာ အင်မတန် ဝမ်းနည်းစိတ်ပျက်ဖို့ကောင်းပြီး မဖြစ်သင့်တဲ့ကိစ္စဖြစ်ပေမဲ့၊ ဆော်ဒီဘက်က မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်ခဲ့တယ်လို့ JFA ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ် အမှူဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ Suhara Kiyotaka က ပြောကြားခဲ့ပါတယ်။
ဒီကိစ္စအပေါ် နောက်ထပ်အရေးယူတာတွေ လုပ်ဆောင်ဖို့မရှိကြောင်းနဲ့ ကက်ပ္ပတိန် Yoshida ကလည်း သူ့ရဲ့ဒေါသကို သည်းခံထိန်းသိမ်းပြီး နောက်ပွဲစဉ်အတွက် အာရုံစိုက် ကစားသွားမယ်လို့ ပြောကြောင်း မစ္စတာ Suhara ဆိုပါတယ်။