ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာ ရုပ်သိမ်းပေးဖို့ အမေရိကန်ကို တာလီဘန် တောင်းဆို

အမေရိကန်နိုင်ငံမှာရှိတဲ့ အာဖဂန်နစ္စတန်အစိုးရရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာ ရုပ်သိမ်းပေးဖို့ တာလီဘန် ကိုယ်စားလှယ်တွေက အမေရိကန်ပြည်ထောင်စုကို တောင်းဆိုလိုက်ပါတယ်။

ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့နဲ့ ကာတာနိုင်ငံ Doha မြို့တော်မှာ စနေနေ့က လူချင်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တာလီဘန် အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။
ဒါဟာ ဩဂုတ်လ ၃၀ ရက်နေ့မှာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ အပြီးသတ်ရုပ်သိမ်းပြီးနောက်ပိုင်း နှစ်ဖက် အကြီးတန်းအရာရှိတွေအကြား ပထမဆုံး တွေ့ဆုံဆွေးနွေးမှုဖြစ်တယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ တာလီဘန်ဘက်က အမေရိကန်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ တခြားပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရကတော့ အခုလို ဆွေးနွေးမှုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပါဘူး။
ဒါပေမဲ့လည်း ကိုဗစ်ကာကွယ်ဆေးတွေ ပေးလှူဖို့အသင့်ရှိကြောင်း အမေရိကန်အရာရှိတွေက ပြောခဲ့တယ်လို့ တာလီဘန်တွေက ဆိုပါတယ်။
အာဖဂန်နစ္စတန်ကို တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း နိုင်ငံခြားမှာရှိတဲ့ အာဖဂန်အစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခံထားရပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း အာဖဂန်နစ္စတန်ကို ဘဏ္ဍာရေးထောက်ပံ့မှုတွေ ရပ်ဆိုင်းထားခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှာ ငွေသား မလုံလောက်မှုနဲ့ ကြုံနေရပြီး စီးပွားရေးအခြေအနေ ဆိုးရွားလာနေပါတယ်။