ဖိအားပေးတာကြောင့် အလျှော့ပေးမှာမဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတဆို

ထိုင်ဝမ်က သူတို့နိုင်ငံထူထောင်တဲ့နေ့လို့ မှတ်ယူထားတဲ့ အောက်တိုဘာလ ၁၀ ရက်နေ့အတွက် အခမ်းအနားမှာ သမ္မတ Tsai Ing-wen က မိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေး စွမ်းရည်တွေ အားဖြည့်ဖို့ သူ့ရဲ့ သံန္နိဋ္ဌာန်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ထိုင်ပေမြို့က သမ္မတရုံးရှေ့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။
မီးစ် Tsai က ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးကန့်သတ်ဇုန်ထဲမှာ ပုံမှန်လိုလုပ်ဆောင်လာနေတဲ့ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေဟာ အမျိုးသား လုံခြုံရေးနဲ့ လေကြောင်း ဘေးကင်းလုံခြုံရေး နှစ်ခုစလုံးအပေါ် အကြီးအကျယ် ထိပါးနေတယ်လို့ ပြောပါတယ်။
တရုတ်အစိုးရနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သူက လက်ရှိအနေအထားကို ထိန်းသိမ်းထားဖို့ ထိုင်ဝမ်က တောင်းဆိုနေပြီး အနေအထားတွေ ပြောင်းလဲလာအောင် တစ်ဖက်သတ် လုပ်ဆောင်တာကို အစွမ်းကုန် တားဆီးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေလက်ကြားဖြတ်သန်း ဆက်ဆံရေး ပျော့ပြောင်းလာဖို့ မျှော်လင့်နေပြီး အလောတကြီး လုပ်ဆောင်မှာမဟုတ်ကြောင်း၊ ဒါပေမဲ့ ထိုင်ဝမ် ပြည်သူတွေဟာ ဖိအားတွဗအပေါ် အလျှော့ပေးမယ်လို့ အတွေးမမှားသင့်ကြောင်း သမ္မတ Tsai က ပြောပါတယ်။
စစ်ရေးပြအခမ်းအနားမှာ ထိုင်ဝမ်က တီထွင်ခဲ့တဲ့ ရေယာဉ်ပစ် ဒုံးကျည် Hsiung Feng III အပါအဝင် လက်နက်တွေကို ပြသခဲ့ပါတယ်။
တရုတ်အပေါ် ကြိုတင်ဟန့်တားနိုင်စွမ်း မြှင့်တင်ရေးအတွက် တာဝေးပစ် ဒုံးကျည်တွေကို တီထွင်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ ထိုင်ဝမ် အာဏာပိုင်တွေက အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။