ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးအတွက် ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ချက်ကို တရုတ် သမ္မတ ထုတ်ဖော်ပြောဆို

တရုတ်သမ္မတ Xi Jinping ဟာ သူက လွတ်လပ်ရေးကြိုးပမ်းမှုလို့ ရှုမြင်တဲ့ လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် အပြစ်တင်ရင်း တရုတ်နဲ့ ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေး အောင်မြင်ဖို့ ယုံကြည်ချက်ရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

Qing မင်းဆက် ပြိုလဲဖို့ ဖြစ်လာစေခဲ့တဲ့ ၁၉၁၁ ခုနှစ် တော်လှန်ရေး နှစ် ၁၁၀ ပြည့် အထိမ်းအမှတ်အဖြစ် စနေနေ့က ပေကျင်းမှာရှိတဲ့ ပြည်သူ့ခန်းမမှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ မစ္စတာ Xi က မိန့်ခွန်းပြောခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ ပတ်သက်ပြီး မစ္စတာ Xi က "ကျွန်တော်တို့နိုင်ငံ အပြည့်အဝ ပေါင်းစည်းရေးကို သေချာပေါက် အကောင်အထည်ဖော်မှာ ဖြစ်သလို အောင်မြင်မှာလည်း ဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။
သူက "ငြိမ်းချမ်းစွာနဲ့ အမျိုးသား ပြန်လည်ပေါင်းစည်းရေးဟာ ကျွန်တော်တို့နဲ့ တစ်ပြည်တည်းသား ထိုင်ဝမ် အပါအဝင် တရုတ်တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမယ်" လို့ ဆိုပါတယ်။
ဟောင်ကောင်နဲ့ မကာအိုတွေမှာ ကျင့်သုံးနေတဲ့ "တစ်နိုင်ငံ စနစ် နှစ်ခု" အခြေခံမူကို စောင့်ထိန်းမယ်လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ် သမ္မတ Tsai Ing-wen အစိုးရကို ဦးတည်ပုံရတယ်လို့ ယူဆရတဲ့ သတိပေးချက်ထဲမှာ မစ္စတာ Xi က "ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို ရည်ရွယ်တာဟာ အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်တယ်" လို့ ဆိုပြီး သမိုင်းက အပြစ်ပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။