ဂျပန် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးသစ် ဖူကုရှီမ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံ

ဂျပန်ရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း ဝန်ကြီးသစ်က ဖူကုရှီမ အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပိတ်သိမ်းရေးနဲ့ အဲဒီစက်ရုံက ပြုပြင်ထားတဲ့ ရေတွေ စွန့်ထုတ်ရေးအတွက် ဘေးကင်းလုံခြုံရေး ဆောင်ရွက်ချက်တွေဟာ သူ့ရဲ့ ထိပ်တန်း ဦးစားပေး လုပ်ငန်းတွေဖြစ်တယ်လို့ ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ဝန်ကြီး Hagiuda Koichi ဟာ ဖူကုရှီမ ခရိုင်အုပ်ချုပ်ရေးမှူး Uchibori Masao နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ သူ ဝန်ကြီးရာထူးရယူပြီးနောက် အဲဒီခရိုင်ကို ပထမဦးဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Hagiuda က ၂၀၁၁ ခုနှစ် ဘေးအန္တရာယ်ကြီးကြောင့် ထိခိုက်နစ်နာခဲ့သူတွေကို ထောက်ပံ့မှုတွေပေးရင်း သူ့ရဲ့ ဝန်ကြီးဌာနဟာ အဲဒီစက်ရုံ ပိတ်သိမ်းရေး၊ ပြုပြင်ထားတဲ့ရေတွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ ဖူကုရှီမ ခရိုင် ပြန်လည်ထူထောင်ရေးတွေအပေါ် အာရုံစိုက်သွားမယ်လို့ မစ္စတာ Uchibori ကို ပြောခဲ့ပါတယ်။
အဲဒီစက်ရုံမှာ သိုလှောင်ထားတဲ့ ပြုပြင်ထားတဲ့ရေတွေကို ထရီတီယမ်နဲ့ တခြား ရေဒီယိုသတ္တိကြွဒြပ်တွေ ရေထဲမှာပါဝင်မှုဆိုင်ရာ ဂျပန့် စံချိန်စံညွှန်းတွေထက် သိသိသာသာ လျော့သွားအောင် ရေထပ်ရောပြီးနောက် ပင်လယ်ထဲကို စွန့်ထုတ်ရေး အစိုးရရဲ့ အစီအစဉ်ကို မစ္စတာ Uchibori က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဒီကိစ္စဟာ ဖူကုရှီမ ခရိုင်နေ ပြည်သူတွေအတွက် အလွန်တရာ အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ သူကဆိုပြီး မစ္စတာ Hagiuda အနေနဲ့ ဒီကိစ္စနဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ဖြောင့်မတ်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။