ကာကွယ်ဆေးစည်းမျဉ်းကို ရောမမြို့မှာ ဆန့်ကျင်ဆန္ဒပြ

အီတလီ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ အလုပ်သမားအားလုံးအတွက် ပြဋ္ဌာန်းချက်အသစ်ကို ဆန့်ကျင်တဲ့အနေနဲ့ မြို့တော် ရောမ မှာ ပြည်သူတွေ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

လာမယ့် သောကြာနေ့မှာ အဲဒီ စည်းမျဉ်းတွေ အသက်မဝင်လာခင် စနေနေ့က အဲဒီလို ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။ လူပေါင်း ၁၀,၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ဒေသန္တရ မီဒီယာတွေက ဆိုပါတယ်။
အလုပ်သမားအားလုံး COVID-19 ဆိုင်ရာ ကျန်းမာရေး ထောက်ခံစာ ကိုင်ဆောင်ထားဖို့ ပြဋ္ဌာန်းချက်ကို အီတလီ အစိုးရက ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးမှု အရှိန်မြှင့်ဖို့နဲ့ ကူးစက်မှုတွေ မပြန့်ပွားအောင် တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ အဲဒီလို လုပ်ဆောင်တာဖြစ်ပါတယ်။
အဲဒီ ထောက်ခံစာမှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးတာ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ထားခြင်း မရှိကြောင်း စစ်ဆေးချက် ရှိထားတာကို ပြသထားပါတယ်။ လိုက်နာခြင်း မရှိသူဟာ အလုပ်ရပ်စဲ ခံရနိုင်ပြီး ဒဏ်ငွေတောင်မှ ချမှတ်ခံရနိုင်ပါတယ်။
ဆန့်ကျင်မှုကို ပြသတဲ့အနေနဲ့ ဆန္ဒပြသူ တချို့က ရင်ပြင်တစ်ခုမှာ စုဝေးခဲ့ကာ "လွတ်လပ်မှု" လို့ ကြွေးကြော်ခဲ့ကြသလို တချို့ကတော့ လမ်းတွေပေါ်မှာ ထိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ မီးသတ်ပိုက်တွေကို အသုံးပြုခဲ့ပါတယ်။
"တစ်ဦးတစ်ယောက်ရဲ့အတွေးအမြင်ထုတ်ဖော်ခွင့်ဟာ ရန်လိုမှုနဲ့ ခြိမ်းခြောက်မှုတွေအတွက် ဆင်ခြေမဖြစ်စေသင့်ဘူးလို့ဆိုရင်း ဝန်ကြီးချုပ် Mario Draghi က ဆန္ဒပြသူတွေရဲ့ ကြမ်းရမ်းတဲ့ လုပ်ရပ်တွေကို ရှုတ်ချ အပြစ်တင်ခဲ့ပါတယ်။