ဂျပန်မှာ ပုံမှန်အနေအထား ပြန်ဖြစ်လာနေ

ဂျပန်က ကိုရိုနာဗိုင်းရပ်စ် အနေအထားတွေ တိုးတက်ကောင်းမွန်လာနေပုံရပါတယ်။ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၆၀ ဦး ရှိတယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒါဟာ အခုနှစ်အတွင်း တိုကျိုမှာ အနည်းဆုံး စံချိန်ဖြစ်ပါတယ်။

နိုင်ငံတဝန်း ကူးစက်ခံရသူအသစ် အရေအတွက်လည်း ကျဆင်းလာနေပြီး စနေနေ့မှာ ၇၇၇ ဦး အတည်ပြုခဲ့ပါတယ်။ ဩဂုတ်လတုန်းက ကူးစက်မှု ပဉ္စမလှိုင်းရဲ့ အမြင့်ဆုံးအချိန်မှာ တစ်နေ့တာ ကူးစက်မှုပမာဏဟာ ၂၅,၀၀၀ ကျော်ရှိခဲ့တာပါ။ ကူးစက်ခံရသူအသစ် အရေအတွက်ဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကျော်က အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်းပြီးနောက်မှာလည်း ဆက်လက်ကျဆင်းလာခဲ့ပါတယ်။
Toho တက္ကသိုလ်ရဲ့ ပါမောက္ခ Tateda Kazuhiro က "ကူးစက်မှုပမာဏကို လက်ရှိအဆင့်မှာ ထိန်းထားနိုင်ဖို့ ကြိုးစားရင်း စီးပွားရေးလှုပ်ရှားမှုတွေကို တဖြည်းဖြည်းချင်း သတိထား ပုံမှန်ဖြစ်အောင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းရပါမယ်" လို့ ပြောပါတယ်။
အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်းခဲ့ပြီဖြစ်တဲ့ အခုအခါမှာ လူတွေကြားမှာ ပုံမှန်ပြန်ဖြစ်လာပြီဆိုတဲ့ ခံစားချက်တွေ ပေါ်လာနေပါတယ်။ အဲဒါကြောင့် အခု သီတင်းပတ်အကုန် နေ့တွေမှာ လူတွေပိုပြီး အိမ်ပြင်ထွက်လာခဲ့ကြပါတယ်။
စနေနေ့က တိုကျိုမြို့က တိရစ္ဆာန်ရုံတစ်ရုံမှာ တစ်နေ့တာ ဧည့်သည်ကန့်သတ်ချက်ကို ၆,၅၀၀ အထိ စတင်ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ အရင်ကန့်သတ်ထားတဲ့ ပမာဏထက် ၃ ဆ ပိုများတာ ဖြစ်ပါတယ်။