ပေကျင်း အိုလံပစ်အားကစားပြိုင်ပွဲကြီးအတွက် စမ်းသပ်ပြုလုပ်တဲ့ ပြိုင်ပွဲတွေ စတင် ကျင်းပ

လာမယ့်နှစ် ဆောင်းရာသီ ပေကျင်းအိုလံပစ်နဲ့ ပါရာလံပစ် အားကစားပြိုင်ပွဲကြီးအတွက် စမ်းသပ်ပြုလုပ်တဲ့ပြိုင်ပွဲတွေကို သောကြာနေ့က တရုတ်နိုင်ငံ ပေကျင်းမြို့မှာ အပြည်ပြည်ဆိုင်ရာ စကိတ်စီးပြိုင်ပွဲကြီးနဲ့ စတင် ဖွင့်လှစ်ခဲ့ပါတယ်။

တရုတ်၊ တောင်ကိုရီးယား နဲ့ နယ်သာလန် နိုင်ငံက အားကစားသမားတွေဟာ ၃ ရက်ကြာ ပါဝင်ယှဉ်ပြိုင် နေကြပါတယ်။
ပြိုင်ပွဲကြီးအတွက် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်မှုဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေကို စီစဉ်ဆောင်ရွက်ထားပါတယ်။
ပြိုင်ပွဲမှာ ပါဝင်ကြသူတွေအားလုံးဟာ COVID-19 ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပြီး၊ Bubble လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့နေရာမှာပဲ နေကြရမှာ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်ဆောင်ရွက်တာကို တိုကျို အိုလံပစ် အားကစားပွဲကြီး မှာတုန်းကလည်း လုပ်ခဲ့ပါတယ်။
ပြိုင်ပွဲဝင်သူတွေနဲ့ အင်တာဗျူးကို အွန်လိုင်းကနေ ပြုလုပ် နေပါတယ်။
ဆောင်ရန်ရှောင်ရန်တွေကို စီစဉ်ဆောင်ရွက်ထားတာက စေ့စပ်သေချာတယ်လို့ သူခံစားရကြောင်း ဂျာမန်လူမျိုး အားကစားသမားတစ်ဦးက ပြောခဲ့ပါတယ်။
စီစဉ်ဆောင်ရွက်နေတဲ့ ပေကျင်းအားကစားပွဲတော်ကြီး ဖြစ်မြောက်ရေး ကော်မတီက ဒီနှစ်အတွင်းမှာ အစမ်းပြိုင်ပွဲ ၁၀ ခု ကျင်းပသွားဖို့ စီစဉ်နေပါတယ်။
နိုင်ငံရပ်ခြားက အားကစားသမား နဲ့ အမှုထမ်း ၂၀၀၀ ကျော် လာရောက် ပါဝင်ဆင်နွဲကြမယ်လို့ ခန့်မှန်းထားပါတယ်။