နိုင်ငံများအကြား ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းမျဉ်း အသစ်နဲ့ ပတ်သက်ပြီး အရေးပါတဲ့ သဘောတူညီချက် တစ်ခုရခဲ့

ကုမ္ပဏီကြီးတွေက ပေးဆောင်ရမယ့် သင့်တော်တဲ့ ဝေပုံကျ အခွန်ကို သေချာစွာရရှိရေးနဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ဒေသပေါင်း ၁၃၆ ခုက တာဝန်ခံအရာရှိတွေဟာ အရေးပါတဲ့ သဘောတူညီချက်တစ်ခုကို ရခဲ့ပါတယ်။

အဲဒီသဘောတူညီချက်မှာ ကော်ပိုရေးရှင်းအခွန်ကို အနည်းဆုံး ၁၅ ရာခိုင်နှုန်း သတ်မှတ်ဖို့ ပါဝင်ပါတယ်။
OECD အဖွဲ့ဝင်တွေနဲ့ တစ်ခြား စီးပွားရေးအင်အားကြီး နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းမျဉ်းအသစ်အတွက် နောက်ဆုံး သဘောတူညီချက်ကို သောကြာနေ့က အွန်လိုင်း အစည်းအဝေးမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ရာစုနှစ်သက်တမ်းလောက် ရှိပြီဖြစ်တဲ့ အခွန်စနစ် အဟောင်းကို ပြန်သုံးသပ်ဖို့ သူတို့က ပြည့်ပြည့်စုံစုံ ညှိနှိုင်းဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ကြပါတယ်။
သဘောတူညီချက်အသစ်မှာ အဓိက အချက်နှစ်ခု ပါဝင်ပါတယ်။
ပထမတစ်ချက်က အခွန်ရှောင်ရှားတာ နည်းသွားအောင်နဲ့ အနည်းဆုံးနှုန်းထားနဲ့ အခွန်ဆောင်ဖို့ အပြိုင်အဆိုင် ကြိုးစားတာကို ဟန့်တားဖို့ ရည်ရွယ်ပြီး အခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်း အနည်းဆုံး စတင်သတ်မှတ်ဖို့ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ Google ၊ Amazon ၊ Facebook နဲ့ Apple တို့လို နိုင်ငံပေါင်းစုံမှာ လုပ်ငန်းဆောင်ရွက် နေကြတာ အပေါ် အခွန်ကောက်ခံမှု လွယ်ကူချောမွေ့စေဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အခွန်စည်းမျဉ်းအသစ်အရ ကုမ္ပဏီကြီးတွေ အလုပ်သွား လုပ်တာကနေ ဝင်ငွေရရှိတဲ့နိုင်ငံတွေကို အဲဒီကုမ္ပဏီကြီးတွေ ဆီကနေ အခွန်ကောက်ယူနိုင်ခွင့်တစ်ချို့ကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။