အမေရိကန် နဲ့ တရုတ် ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေး

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ဝန်ကြီးအဆင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ကျင်းပနေပါတယ်။

ဆွေးနွေးကြတဲ့အကြောင်းအရာတွေမှာ တရုတ်က လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ပစ္စည်းတွေ ဝယ်ယူတာနဲ့ စက်မှုကုန်ထုတ်လုပ်ငန်းဆိုင်ရာ ထောက်ပံ့ငွေနဲ့ ပတ်သက်တာတွေ ပါဝင်ပါတယ်။
အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Katherine Tai နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် Liu He တို့ဟာ အမေရိကန် အချိန် သောကြာနေ့က တယ်လီဖုန်းနဲ့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် အစိုးရ လက်ထက် ၂၀၂၀ ဇန်နဝါရီလတုန်းက ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် အဆင့် ၁ ကို အသေအချာ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ မီးစ် Tai က တောင်းဆိုခဲ့တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
တရုတ်ရဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေကို ထောက်ပံ့ကြေးတွေ အလွန်အကျွံပေးတယ်လို့ အမေရိကန်ကဆိုတဲ့ ကိစ္စတွေ အပါအဝင် ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြဿနာရှိတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကိုလည်း မီးစ် Tai က ထုတ်ဖော် ပြောကြားခဲ့တယ် လို့ သိရပါတယ်။
ပိတ်ပင်တားဆီးမှုတွေ ရုတ်သိမ်းပေးဖို့နဲ့ တရုတ်ရဲ့ သွင်းကုန်ပစ္စည်းတွေ အပေါ် ထပ်တိုးအခွန် ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံတာကို ဖျက်သိမ်းပေးဖို့ကို တရုတ်အစိုးရက အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စက်မှုကုန်ထုတ်လုပ်ငန်းဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ပြန်ရှင်းပြခဲ့တယ်လို့လည်း တရုတ်က ဆိုပါတယ်။ အခုလိုရှင်းပြတာဟာ တရုတ်ရဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့မှုတွေအပေါ် အမေရိကန်က ဝေဖန်နေတာတွေကို တုန့်ပြန်တဲ့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။