အာဖဂန်နစ္စတန်နိုင်ငံက ဗုံးခွဲမှု Islamic State စစ်သွေးကြွအုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့ဆို

အာဖဂန်နစ္စတန်နိုင်ငံ့မြောက်ပိုင်း Kunduz မြို့က ဗလီတစ်ခုမှာ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၆ ယောက် သေဆုံးခဲ့တယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောပါတယ်။

Islamic State စစ်သွေးကြွအုပ်စုက ဒီပေါက်ကွဲမှုဟာ သူတို့လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သောကြာနေ့ နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အစိုးရက ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့အချိန်မှာ လူ ၃၀၀ ကျော်ဟာ ဝတ်ပြုဆုတောင်းဖို့ ဗလီအတွင်းမှာ ရှိနေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူနည်းစု ရှီယိုက် မွတ်စလင်တွေ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ ဆုတောင်းပွဲဖြစ်ပါတယ်။
စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးက ဗလီထဲမှာ အသေခံဗုံးခွဲခဲ့တယ်လို့ Islamic State စစ်သွေးကြွအုပ်စုက သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာလမှာ တာလီဘန်က ကြားဖြတ်အစိုးရ ဖွဲ့စည်း ခဲ့ပြီးနောက် အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အပြင်းထန်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။