ဘရာဇီးနိုင်ငံမှာ COVID-19 ကြောင့်သေဆုံးသူ ၆ သိန်းကျော် သွားပြီ ဖြစ်

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆ သိန်း ကျော်သွားပြီလို့ ဘရာဇီးနိုင်ငံ ကျန်းမာရေးအာဏာပိုင်တွေက သောကြာနေ့က ပြောလိုက်ပါတယ်။

စုစုပေါင်းသေဆုံးသူအရေအတွက်ဟာ ၆၀၀,၄၂၅ ဦး ရှိသွားပြီလို့ သူတို့က ဆိုပါတယ်။
Rio de Janeiro မှာ Delta မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု ပြန့်ပွားနေပါတယ်။ အဲဒီမြို့က အရပ်သားအဖွဲ့အစည်းတစ်ခုက COVID-19 ကြောင့် သေဆုံးခဲ့သူတွေအတွက် အောက်မေ့ သတိရတဲ့အနေနဲ့ ကမ်းခြေတစ်ခုမှာ အဖြူရောင်အဝတ်စ ၆၀၀ ကို ချိတ်ဆွဲခဲ့ကြပါတယ်။ အစိုးရရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး စီမံချက်တွေ မလုံလောက်မှုကြောင့် ဒီလိုသေဆုံးရတယ်လို့ ဆိုပြီး သူတို့က ဆန္ဒပြခဲ့ကြပါတယ်။
ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေဟာ လတ်တလောမှာ ကျဆင်းလာနေပြီး စက်တင်ဘာလအတွင်း သေဆုံးသူ ၁၆,၀၀၀ ကျော်ပဲ ရှိခဲ့ပါတယ်။ ဒါဟာ ဧပြီလတုန်းက အမြင့်ဆုံးဖြစ်ခဲ့တဲ့ သေဆုံးသူဦးရေရဲ့ ၅ ပုံ ၁ ပုံ ဖြစ်ပါတယ်။
နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ ဘရင်ဂျီခရစ်ယာန်ဝါဝင်ပွဲကို လာမယ့် ဖေဖော်ဝါရီလမှာ ကူးစက်မှုကာကွယ်ရေးအတွက် ကန့်သတ်ချက်တွေ မထားဘဲ ကျင်းပဖို့ Rio de Janeiro မြို့က စီစဉ်နေပါတယ်။
ဘောလုံးကစားကွင်းတွေမှာလည်း အများဆုံးလက်ခံတဲ့ ပရိသတ်ဦးရေကန့်သတ်ချက်တွေကို စပြီး ဖြေလျော့နေပါပြီ။
ဒါပေမယ့် ရောဂါကူးစက်မှုတွေကို အပြည့်အဝ မထိန်းချုပ်နိုင်မီ အကြီးအကျယ်ကျင်းပတဲ့ပွဲတွေကို ကန့်သတ်မှုတွေ လျော့ချပေး တာဟာ အန္တရာယ်ရှိတယ်လို့ ဒေသခံကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။