ဂျပန်ဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ဒေသတွင်း တည်ငြိမ်မှုနဲ့ပတ်သက်ပြီး လုပ်ဆောင်ဖို့ ဆွေးနွေး

လွပ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေး အတွက် နှစ်နိုင်ငံ အနီးကပ် ဆောင်ရွက်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ် Kishida Fumio နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့က အတည်ပြုပြောကြားလိုက်ပါတယ်။

ခေါင်းဆောင်နှစ်ဦးတို့ဟာ သောကြာနေ့က ၂၅ မိနစ်လောက် ကြာအောင် တယ်လီဖုန်းကနေ စကားပြောခဲ့ကြပါတယ်။ ဒါဟာ မစ္စတာ Khishida ဝန်ကြီးချုပ်လ တာဝန်ယူခဲ့ပြီးနောက် သူတို့ နှစ်ဦး ပထမဆုံးပြောခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး နောက်ထပ်တိုးတက်အောင် လုပ်ဆောင်ဖို့နဲ့ ဂျပန်၊အိန္ဒိယ၊ဩစတြေးလျ နဲ့ အမေရိကန်တို့ပါဝင်တဲ့ Quad လို့ ခေါ်တဲ့ လေးနိုင်ငံမဟာမိတ်အဖွဲ့အတွက် ပူးပေါင်းဆောင်ရွက် ကြဖို့ကိုလည်း နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူ ခဲ့ကြပါတယ်။
စီးပွားရေးအရ အကျပ်ကိုင်တာနဲ့ လက်ရှိအခြေအနေတွေကို မိမိတစ်နိုင်ငံတည်းသဘောအရ အင်အားသုံးပြီး ပြောင်းလဲဖို့ ကြိုးစားတာတွေကို ဆန့်ကျင်ဖို့ သူတို့ သဘောတူခဲ့ကြပါတယ်။ အဲဒီနောက် ကမ္ဘာ့ကုန်စည်ပစ္စည်း ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်းကွင်းဆက်တွေ ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ အပါအဝင် စီးပွားရေးလုံခြုံစိတ်ချရစေဖို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထဲထဲဝင်ဝင် လုပ်ဆောင်သွားကြဖို့ သူတို့က အတည်ပြုခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတွေဟာ ဒေသတွင်းသာမက ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတို့ကို ခြိမ်းခြောက်နေတယ်လို့ မစ္စတာ Kishida က ထောက်ပြ ခဲ့ပါတယ်။ ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် ထောက်ခံပေးဖို့နဲ့ လက်ခံပေးဖို့ကို သူက တောင်းဆိုခဲ့ပါတယ်။