ဂျပန်ဝန်ကြီးချုပ်အသစ် တရုတ်သမ္မတနဲ့ ဖုန်းပြော

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ အပြုသဘောဆောင်ပြီး တည်ငြိမ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို လက်တွဲတည်ဆောက်ကြဖို့ တရုတ်သမ္မတ Xi Jinping ကို တိုက်တွန်းလိုက်ပါတယ်။

ခေါင်းဆောင် နှစ်ဦးဟာ သောကြာနေ့က မိနစ် ၃၀ ကြာ တယ်လီဖုန်းကနေ စကားပြောခဲ့ကြပါတယ်။ ဒါဟာ မစ္စတာ Kishida ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီးနောက် သူတို့ပထမဆုံး စကားပြောတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြားမှာရှိတဲ့ ကျယ်ပြန့်တဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုကြောင်း ဂျပန်ဝန်ကြီးချုပ်က သူ့ဆန္ဒကို ပြသခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီးမှာ ဟောင်ကောင်နဲ့ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ က အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ Khishida က သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။
အရှေ့တရုတ်ပင်လယ်အတွင်းက Senkaku ကျွန်းစုအရေးနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ မစ္စတာ Khishida က ဆိုပါတယ်။ ဂျပန်ကအဲဒီကျွန်းစုတွေကို ထိန်းချုပ်ထားပါတယ်။ ဒီကျွန်းစုတွေဟာ သမိုင်းကြောင်း အရရော နိုင်ငံတကာဥပဒေအရပါ ဂျပန့်ပိုင်နက်နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ဂျပန်အစိုးရက ကိုင်စွဲထားပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်တို့ ကလည်း သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုနေပါတယ်။
ပြီးပြည့်စုံပြီး တိုးတက်တဲ့ ပစိဖိတ်ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (CPTPP) လို့ ခေါ်တဲ့ အဓိက ကုန်သွယ်ရေး သဘောတူညီချက်မှာပါဝင်ဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုနဲ့ တရုတ်သမ္မတရဲ့ ဂျပန်ကို အလည်အပတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး သူတို့ ဘာမှမပြောခဲ့ကြဘူးလို့ မစ္စတာ Kishida က ပြောပါတယ်။ တရုတ်ခေါင်းဆောင်ဟာ ၂၀၂၀ ပြည့်နှစ် ဧပြီလတုန်းက ဂျပန်ကို လာဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဲဒီအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ခေတ်သစ်တစ်ခုရဲ့ လိုအပ်ချက်တွေနဲ့ လိုက်ပြီး ဆွေးနွေးစကားပြောတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်လုပ်ဆောင်ချင်ကြောင်း မစ္စတာ Xi က ဂျပန်ဝန်ကြီးချုပ်ကို ပြောခဲ့တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံအနေနဲ့ သမိုင်းဝင်ကိစ္စတွေနဲ့ ထိုင်ဝမ်ကိစ္စ တွေလိုမျိုး ထိရှလွယ်တဲ့ကိစ္စရပ်တွေကို စနစ်တကျ ကိုင်တွယ် လုပ်ဆောင် သင့်တယ် လို့လည်း မစ္စတာ Xi က မှတ်ချက်ချခဲ့ကြောင်း သိရပါတယ်။