ကမ္ဘာလုံးဆိုင်ရာ အခွန်သဘောတူညီချက်ကို အိုင်ယာလန် သဘောတူ

ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ အတွက် အဓိကအတိုက်အခံလုပ်နေတဲ့ အိုင်ယာလန်က ကမ္ဘာတစ်ဝန်းမှာ ကုမ္ပဏီအမြတ်ခွန်နှုန်းထားကို အနိမ့်ဆုံး ၁၅ရာခိုင်နှုန်းထားရှိဖို့ သဘောတူခဲ့ပြီးတဲ့နောက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ရှေ့ကို တစ်ဆင့် တက်သွားပြီဖြစ်ပါတယ်။

အိုင်ယာလန်က ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ဆန့်ကျင်နေတာကို လျှော့ချခဲ့ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
ဆွေးနွေးညှိနှိုင်းသူတွေဟာ ကုမ္ပဏီအမြတ်ခွန်နှုန်းထား “အနည်းဆုံး” ၁၅ ရာခိုင်နှုန်း ချမှတ်ရေး သဘောတူညီချက်မူဘောင်တစ်ရပ်ကို ဇူလိုင်လက သဘောတူခဲ့ကြပါတယ်။ ကုမ္ပဏီအမြတ်ခွန်နှုန်းထားနိမ့်တဲ့ အိုင်ယာလန်က ဒီသဘောတူညီချက်မှာ လက်မှတ်မထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီသဘောတူညီချက်မှာ “အနည်းဆုံး” ဆိုတဲ့စာသားကို ဖြုတ်ခဲ့ပြီးတဲ့နောက် အိုင်ယာလန်က ဒီသဘောတူညီချက်မှာ ပါဝင်လာတာ ဖြစ်ပါတယ်။ အနည်းဆုံးနှုန်းထားဟာ ၁၅ရာခိုင်နှုန်းထက်မကျော်ဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ကြောင်း ထင်မြင်ခဲ့ပုံရပါတယ်။
နိုင်ငံနဲ့ဒေသပေါင်း ၁၄၀ က အရာရှိတွေ နဲ့ တခြား OECD အဖွဲ့ဝင်တွေဟာ ကမ္ဘာလုံးဆိုင်ရာ အခွန်စည်မျဉ်းမူဘောင်တစ်ရပ်ဖော်ဆောင်ဖို့ ဆွေးနွေးနေကြပါတယ်။
အဲဒီစည်းမျဉ်းသစ်အရ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google၊ Amazon၊ Facebook နဲ့ Apple တို့လို ကုမ္ပဏီကြီးတွေကို မျှတတဲ့ နှုန်းထားနဲ့ အခွန်ပေးဆောင်သွားစေမှာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်မှာ အဓိကပြန်လည်ပြင်ဆင်မယ့်အချက်ကတော့ ကုမ္ပဏီအမြတ်ခွန်နှုန်းထား အနိမ့်ဆုံး သတ်မှတ်ရေး ဖြစ်ပါတယ်။