အမေရိကန်တပ်ဖွဲ့တွေ ထိုင်ဝမ်မှာ စစ်ရေးလေ့ကျင့်မှု လုပ်နေတယ်လို့ အမေရိကန် မီဒီယာ ပြော

အမေရိကန်ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ဖွဲ့နဲ့ မရိန်းတပ်ဖွဲ့တစ်ဖွဲ့တို့ဟာ ထိုင်ဝမ်က တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့ လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာ အနည်းဆုံး တစ်နှစ်ရှိပြီလို့ အမေရိကန်ရဲ့ အထင်ကရ သတင်းစာတစ်ခုမှာ ဆိုထားပါတယ်။

ဒါကို The Wall Street Journal က နာမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး ကြာသပတေးနေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်နဲ့ အကူတပ်ဖွဲ့ဝင် ၂၀ ကျော်လောက်ဟာ ထိုင်ဝမ်ကြည်းတပ်ရဲ့ တပ်ဖွဲ့အငယ်တွေအတွက် လေ့ကျင့်ရေး လုပ်ပေးနေပြီး မရိန်းတပ်ဖွဲ့ဝင်တွေကတော့ ဒေသခံရေတပ်နဲ့အတူ အသေးစား ရေယာဉ်သုံး လေ့ကျင့်မှုကို လုပ်နေတယ်လို့ အရာရှိတွေက ပြောဆိုခဲ့တာကို အဲဒီသတင်းစာမှာ ကိုးကားဖော်ပြခဲ့ပါတယ်။
အခုနှစ်တွေအတွင်း တရုတ်ရဲ့ စစ်တပ် အင်အားကြီးထွားလာတာနဲ့ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေရှိနေတဲ့အကြား အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ရဲ့ နည်းဗျူဟာစွမ်းရည်အပေါ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအတွင်း စိုးရိမ်မှုတွေ ရှိနေတယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်လို့ The Wall Street Journal က ပြောပါတယ်။