မြန်မာ့ဒီမိုကရေစီအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှု ရရှိဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် တောင်းဆို

ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံ့ဒီမိုကရေစီအတွက် စိတ်အားထက်သန်တဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က တောင်းဆိုလိုက်ပါတယ်။

သံအမတ် ဦးကျော်မိုးထွန်းဟာ ကြာသပတေးနေ့က New York မြို့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးကော်မတီ မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဦးကျော်မိုးထွန်းကို မြန်မာသံအမတ်အဖြစ် အသိအမှတ် ပြုသင့်သလားဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကြတဲ့အတွက် စက်တင်ဘာလတုန်းက အထွေထွေညီလာခံရဲ့ နှစ်စဉ် မျက်နှာစုံညီအစည်းအဝေးမှာ သူဟာ မိန့်ခွန်း မပြောခဲ့ပါဘူး။
ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အရင်အစိုးရက သူ့ကို ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်အုပ်ချုပ်သူတွေက ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း သူ့ကို ဖြုတ်ချခဲ့ပါတယ်။ သူတို့က ဦးကျော်မိုးထွန်းနေရာမှာ နောက်တစ်ဦးကို အစားထိုးခန့်အပ်ခဲ့ပေမယ့် မြန်မာနိုင်ငံကို ဘယ်သူက ကိုယ်စားပြုမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုဆိုင်ရာ ကော်မတီက မဆုံးဖြတ်ရသေးပါဘူး။
ဦးကျော်မိုးထွန်းက ကြာသပတေးနေ့က ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ မြန်မာစစ်တပ်ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ပြည်သူ ၁,၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ စစ်တပ်က “ပြည်သူတွေအပေါ် အကြီးအကျယ် ကျူးလွန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလို့ သတ်မှတ်ရလောက်အောင် ဖြစ်နေပြီ” လို့ ဦးကျော်မိုးထွန်းက ပြောဆိုခဲ့ပါတယ်။
“စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး လူမျိုးစုံပါဝင်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ထွန်းလာဖို့အတွက်” မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဟာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုကို လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။