အဓမ္မဖမ်းဆီးခေါ်ဆောင်ကိစ္စ မြောက်ကိုရီးယားပြောဆိုချက် ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူက ပယ်ချ

ဂျပန်အစိုးရရဲ့ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ဂျပန်လူမျိုးတွေကို အဓမ္မဖမ်းဆီးခေါ်ဆောင်ကိစ္စ ဖြေရှင်းပြီးသွားပြီလို့ မြောက်ကိုရီးယားရဲ့ပြောဆိုချက်ကို အပြစ်တင်ဝေဖန်လိုက်ပါတယ်။

အဲဒီလိုပြောဆိုချက်ကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Matsuno Hirokazu က ပြောပါတယ်။ မြောက်ကိုရီးယားအပေါ်ထားရှိတဲ့ အစိုးရရဲ့ မူဝါဒဟာ ပြောင်းလဲမှုမရှိဘူးလို့ မစ္စတာ Matsuno က သတင်းထောက်တွေကို သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဂျပန်ဟာ အဲဒီအဓမ္မဖမ်းဆီးခေါ်ဆောင်ကိစ္စ ၊ နျူကလီးယားနဲ့ ဒုံးကျည်ကိစ္စတွေကို ပြီးပြည့်စုံအောင် ဖြေရှင်းဖို့ ရည်ရွယ်ထားတယ်၊ အတိတ်ကကိစ္စတွေကို ဖြေရှင်းရေးနဲ့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးပုံမှန်ဖြစ်စေရေးကို ၂၀၀၂ ပြုံယမ်းကြေညာချက်နဲ့အညီလုပ်ဆောင်မယ်လို့ မစ္စတာ Matsuno က ဆိုပါတယ်။
အဲဒီကြေညာချက်ကို မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီနောက် တစ်လအကြာမှာ အဓမ္မဖမ်းဆီးခံခဲ့ရသူ ၅ ဦး ဂျပန်ကို ပြန်ရောက်လာခဲ့ကြပါတယ်။
ဂျပန်အစိုးရဟာ အဲဒီ ၅ ဦးအပါအဝင် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ ၁၇ ဦးရှိတယ်လို့ တရားဝင်အသိအမှတ်ပြုထားပါတယ်။ ကျန်တဲ့ ၁၂ ဦးက ဘယ်မှာလဲဆိုတာ မသိရသေးပါဘူး။
မစ္စတာ Matsuno က အဓမ္မဖမ်းဆီးခံကိစ္စဟာ အစိုးရအဖွဲ့အတွက် အရေးအကြီးဆုံးကိစ္စဖြစ်ပြီး အဲဒီလူတွေရဲ့ မိသားစုဝင်တွေဟာ အသက်ကြီးလာနေကြပြီဖြစ်တဲ့အတွက် အဲဒီကိစ္စကို ဖြေရှင်းရေးမှာ အချိန်အလဟဿအဖြစ်မခံနိုင်ဘူး လို့ ပြောပါတယ်။