ဂျပန်ဝန်ကြီးချုပ်သစ်နှင့်ပတ်သက်၍ မြောက်ကိုရီးယား ထုတ်ဖော်ပြော

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနဲ့ဆက်နွယ်နေတဲ့ သုတေသနအဖွဲ့တစ်ဖွဲ့က ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ တခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေအတွင်း အဓမ္မဖမ်းဆီးခေါ်ဆောင်ကိစ္စကို ထည့်သွင်းပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအရေးကိစ္စဟာ ဖြေရှင်းပြီးဖြစ်တယ်လို့ အဲဒီသုတေသနအဖွဲ့ က ဆိုပါတယ်။
တိုကျိုအခြေစိုက် Radiopress သတင်းအေဂျင်စီက မစ္စတာ Kishida ကို ဝန်ကြီးချုပ်အဖြစ်နဲ့ မြောက်ကိုရီးယားက တရားဝင်ထုတ်ဖော်ပြောတာဟာ ပထမဦးဆုံးပဲဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ Institute for Studies of Japan က မစ္စတာ Kishida ဝန်ကြီးချုပ် တာဝန်စယူပြီး ၃ ရက်အကြာမှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ အင်တာနက်စာမျက်နှာကနေတဆင့် ကြေညာချက်တစ်စောင်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ မစ္စတာ Kishida နဲ့ အမေရိကန်သမ္မတ Joe Biden တို့ ဂျပန်အချိန် အင်္ဂါနေ့က တယ်လီဖုန်းကနေ တဆင့် စကားပြောဆိုခဲ့တာကို သွယ်ဝိုက်ပြီး ရည်ညွှန်းပြောဆိုထားပါတယ်။ မြောက်ကိုရီးယားက ဂျပန်လူမျိုးတွေကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ကိစ္စကို အမြန်အဖြေရဖို့အတွက် မစ္စတာ Biden ရဲ့ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရအောင် မစ္စတာ Kishida က ကြိုးပမ်းခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အဲဒီကြေညာချက်ထဲမှာ အဓမ္မဖမ်းဆီးခေါ်ဆောင်ကိစ္စဟာ ၂၀၀၂ ခုနှစ် စက်တင်ဘာလ နဲ့ ၂၀၀၄ ခုနှစ် မေလမှာ အဲဒီတုန်းက ဂျပန်ဝန်ကြီးချုပ် ပြုံယမ်းကို လာရောက်ခဲ့တုန်းက အပြည့်အဝနဲ့အပြီးအပြတ် ဖြေရှင်းခဲ့တာ ကြာလှပြီလို့ ဆိုထားပါတယ်။
ဂျပန်က ကိုလိုနီပြုခဲ့တဲ့ကာလအတွင်း အခု မြောက်ကိုရီးယား ဖြစ်နေတဲ့နေရာမှာ ပြည်သူတွေအပေါ် အတင်းအကျပ်ပြုခဲ့လို့ ထိခိုက်ခဲ့ရတာတွေအတွက် ဂျပန်အစိုးရဟာ သေသေချာချာတောင်းပန်ဖို့နဲ့ လျော်ကြေးပေးဖို့ အဲဒီကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။