လာမည့်သီတင်းပတ်များအတွင်း တိုကျိုတွင် ငလျင်ထပ်လှုပ်ဖွယ်ရှိ

ဂျပန်မိုးလေဝသအေဂျင်စီက ကြာသပတေးနေ့ညက တိုကျိုနဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာ အင်အားပြင်းတဲ့ငလျင် လှုပ်ခဲ့ပြီးတဲ့နောက် အလားတူပြင်းအားရှိတဲ့ ငလျင်တွေဟာ လာမယ့်သီတင်းပတ်အတွင်း ဒါမှမဟုတ် လာမယ့်သီတင်းပတ် ဝန်းကျင်လောက်မှာ လှုပ်နိုင်ခြေရှိတယ်လို့ သတိပေးလိုက်ပါတယ်။

မိုးလေဝသအေဂျင်စီအရာရှိတွေက မဂ္ဂနီကျုဒ် ၅.၉ ရှိတဲ့ ငလျင်ဟာ ဂျပန်အချိန် ကြာသပတေးနေ့ည ၁၀ နာရီ ၄၁ မိနစ်မှာ လှုပ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီငလျင်ဟာ တိုကျိုရဲ့အနီးမှာရှိတဲ့ ချိဘာ့ခရိုင်ရဲ့ အနောက်မြောက်ပိုင်း မြေအောက် ၇၅ ကီလိုမီတာအနက်မှာ ဗဟိုပြုခဲ့ပါတယ်။ အဲဒီငလျင်ကြောင့် ဆူနာမိဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။
သုံည ကနေ ၇ အထိရှိတဲ့ ဂျပန်ရဲ့ငလျင်ပြင်းအားတိုင်းစကေး အရ အဲဒီငလျင်ဟာ တိုကျိုရဲ့ အာဒါချိမြို့နယ်၊ စိုင်းတာမာ့ခရိုင် ရှိ ခါဝါ့ဂုချိမြို့ နဲ့ မီယာ့ရှိရို့မြို့တွေမှာ ၅ အပြင်းရှိပါတယ်။
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်အရှေ့မြောက်ပိုင်းဒေသမှာ မဂ္ဂနီကျုဒ် ၉ ရှိတဲ့ ငလျင်ကြီးလှုပ်ခဲ့ပြီးနောက်ပိုင်း တိုကျိုရဲ့ ၂၃ မြို့နယ်နဲ့ စိုင်းတာမာ့ခရိုင်တွေမှာ ၅ အပြင်းရှိခဲ့တာဟာ ပထမဦးဆုံးပဲဖြစ်တယ်လို့ မိုးလေဝသဆိုင်ရာအရာရှိတွေက ပြောပါတယ်။