နိုင်ငံရေးအပေါ် လူထုရဲ့ ယုံကြည်မှုနဲ့ နားလည်မှုရရန် ဂျပန်ဝန်ကြီးချုပ် ကတိပြု

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ ဝန်ကြီးချုပ်တာဝန် ရယူပြီးနောက် လွှတ်တော်အတွင်း သူ့ရဲ့ ပထမဦးဆုံးသော မူဝါဒဆိုင်ရာမိန့်ခွန်းကို သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာနဲ့ ပြည်သူတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတာတွေကို ကျော်လွှားသွားနိုင်ဖို့ သူလုပ်နိုင်တာအားလုံးလုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးအဖွဲ့ဝင်အားလုံး လူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ရမယ်လို့ ပြောပြီး လူထုရဲ့ ယုံကြည်မှုနဲ့ နားလည်မှုရနိုင်တဲ့ နိုင်ငံရေးလိုအပ်တယ်ဆိုတာကို မစ္စတာ Kishida က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အစိုးရရဲ့ မူဝါဒတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရဲ့လားဆိုတာကို အသေးစိတ်စစ်ဆေးသွားမယ်လို့ သူက ကတိပေးခဲ့ပါတယ်။
စီးပွားရေးနဲ့ပတ်သက်ပြီး Neoliberal ဝါဒအပေါ် အခြေခံတဲ့ မူဝါဒဟာ ဆင်းရဲတဲ့သူတွေနဲ့ ချမ်းသာတဲ့သူတွေအကြား ကွာဟမှုကို နက်နက်ရှိုင်းရှိုင်းဖြစ်အောင် လုပ်ဆောင်ရာရောက်ခဲ့တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ အောင်မြင်မှုတွေရဲ့ အသီးအပွင့်တွေကို မျှဝေမှုမရှိဘူးဆိုရင် တိုးတက်ဖြစ်ထွန်းမှုအသစ်ဆိုတာ ရှိမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် Kishida က ပြောပါတယ်။
ကပ်ရောဂါကြီးပြီးတဲ့နောက် အကျိုးခံစားမှုရတဲ့ တိုးတက်မှုသံသရာနဲ့ ကြွယ်ဝချမ်းသာမှုကို မျှဝေရေးနဲ့ လူအဖွဲ့အစည်းသစ်တစ်ခုကနေတဆင့် အရင်းရှင်ဝါဒအယူအဆသစ် လက်တွေ့ဖြစ်ထွန်းလာအောင်လုပ်မယ်လို့ မစ္စတာ Kishida က သန္နိဌာန်ချပြောဆိုခဲ့ပါတယ်။
သံတမန်ရေးနဲ့ နိုင်ငံ့လုံခြုံရေးနယ်ပယ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် Kishida က လွတ်လပ်ပြီးပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ထွန်းရေးအတွက် တိုးမြှင့်လုပ်ဆောင်ဖို့ နဲ့ နိုင်ငံ့လုံခြုံရေးဗျူဟာပြင်ဆင်ပြောင်းလဲရေးအတွက် လုပ်ဆောင်မယ်လို့ ကတိပြုပြောဆိုသွားပါတယ်။
အဏုမြူဗုံးဒဏ်ခံခဲ့ရတဲ့ ဟီရိုရှိမာ့မြို့ မဲဆန္ဒနယ်မြေက အမတ်ဖြစ်လာတဲ့ မစ္စတာ Kishida ဟာ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ နျူကလီးယားကင်းမဲ့တဲ့ ကမ္ဘာကြီးတစ်ခုဖြစ်ထွန်းလာစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်မယ်လို့လည်း ပြောဆိုသွားပါတယ်။