ဂျပန်မှာ COVID ထောက်ပံ့ငွေ လိမ်လည်မှုနဲ့ လူ ၃ ဦးကို ဖမ်းဆီး

ဗီယက်နမ် ကျောင်းသားတစ်ဦးနဲ့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ထောက်ပံ့ငွေတွေကို လိမ်လည်ရယူခဲ့တယ်လို့ သံသယရှိတဲ့ ဂျပန်လူမျိုး ၃ ဦးကို တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

စွပ်စွဲခံရသူတွေ ဖြစ်တဲ့ လိင်ဖျော်ဖြေရေး လုပ်ငန်းပိုင်ရှင် တစ်ဦးနဲ့ တစ်ခြားလူ ၂ ဦး တို့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ အစိုးရထောက်ပံ့ကြေးတွေကို လိမ်လည် လျှောက်ထားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သူတို့ဟာ ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၈,၀၀၀ လောက် လိမ်လည်ရယူခဲ့တယ်လို့ သံသယရှိနေပါတယ်။
အဲဒီလူတွေဟာ ဗီယက်နမ် ကျောင်းသားအပါအဝင် တစ်ခြားသူတွေရဲ့ နာမည်တွေကိုသုံးပြီး ကိုရိုဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်း အကြီးအကျယ် ထိခိုက်ခဲ့ရတယ်လို့ဆိုထားတဲ့ ထောက်ပံ့ကြေးလျှောက်လွှာတွေ တင်ခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ရရှိခဲ့တဲ့ ငွေတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ပူးပေါင်းပါဝင်သူတွေကို ပေးခြေခဲ့တယ်လို့ သိရပါတယ်။
အဲဒီလူတွေဟာ တစ်ခြား ဗီယက်နမ် ကျောင်းသားတွေကိုလည်း သိမ်းသွင်းပြီး အဲဒီကျောင်းသားတွေရဲ့ နာမည်တွေနဲ့ နောက်ထပ် ထောက်ပံ့ကြေးလျှောက်လွှာတွေကို တင်ခဲ့တယ်လို့လည်း ရဲတွေက ဆိုပါတယ်။
သူတို့ ၃ ဦးဟာ မတ်လအထိ ၈ လတာကာလ အတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၉၀၀,၀၀၀ လောက် လိမ်လည်ရယူခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။