ဂျပန်က ပင်စင်စား ၁ သန်းနီးပါးဆီကို မှားယွင်းနေတဲ့ ပင်စင်လစာဆိုင်ရာ အကြောင်းကြားစာတွေ ရောက်ရှိခဲ့

ပင်စင်စား ၉၇၀,၀၀၀ ကျော်ဆီကို တခြားပင်စင်စားတွေရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေပါတဲ့ ပင်စင်လစာ အကြောင်းကြားစာတွေ ရောက်သွားခဲ့တယ်လို့ ဂျပန်ရဲ့ ပြည်သူ့ပင်စင်အစီအစဉ်ကို တာဝန်ယူ စီမံခန့်ခွဲနေတဲ့အဖွဲ့က ပြောပါတယ်။

တာဝန်ခံအဖွဲ့ဖြစ်တဲ့ Japan Pension Service က အဲဒီမှားယွင်းတဲ့ အကြောင်းကြားချက်တွေကို အိုင်းချိ၊ မီအဲ နဲ့ ဖူကုအိုက ခရိုင်တွေမှာရှိတဲ့ ပင်စင်စားတွေဆီကို တနင်္လာနေ့နဲ့ အင်္ဂါနေ့က ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။
Japan Pension Service ဆီက ပုံနှိပ်တဲ့အလုပ်တွေအတွက် ကန်ထရိုက်ရထားတဲ့ ကုမ္ပဏီရဲ့ မှားယွင်းမှုကြောင့် အဲဒီလိုဆိုးဆိုးရွားရွား ဖြစ်ခဲ့ရတယ်လို့ဆိုပြီး တောင်းပန်ခဲ့ပါတယ်။ အဲဒီ ပုံနှိပ်လုပ်ငန်း ကန်ထရိုက်တာဟာ လိပ်စာဘက်အခြမ်းနဲ့ အကြောင်းကြားချက်ကို ထည့်သွင်းဖော်ပြတဲ့အခြမ်းမှာ မတူတဲ့ပင်စင်စားတွေရဲ့ အချက်အလက်တွေကို ပုံနှိပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုမှားယွင်းတဲ့သတင်းအချက်အလက်တွေထဲမှာ ပင်စင်ငွေပမာဏ၊ အဓိက ပင်စင်နံပါတ်၊ ပင်စင်စားရဲ့ ငွေစာရင်းဖွင့်ထားတဲ့ ဘဏ်အမည် စတာတွေပါဝင်ပါတယ်။
အဲဒီသတင်းအချက်အလက်တွေထဲမှာ ပင်စင်စားရဲ့အမည် ဒါမှမဟုတ် ဘဏ်စာရင်းနံပါတ် မပါဝင်ဘူးဆိုတာနဲ့ ဒါကြောင့် လက်ခံရသူဟာ ဘယ်သူ့ရဲ့အချက်အလက်တွေကို ရခဲ့သလဲဆိုတာ မသိနိုင်ဘူးလို့ Japan Pension Service က ပြောပါတယ်။
လူမှုဖူလုံရေးဝန်ကြီး Goto Shigeyuki က အဲဒီပြဿနာအတွက် တောင်းပန်လိုက်ပါတယ်။ ပင်စင် ဝန်ဆောင်မှုလုပ်ငန်းအပေါ် ကြီးကြပ် ကွပ်ကဲမှု အားကောင်းအောင်လုပ်ဆောင်ပြီး နောက်နောင် အလားတူမဖြစ်အောင် တားဆီးမယ်လို့ သူက ကတိပြု ပြောဆိုခဲ့ပါတယ်။
စီစဉ်ထားတဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ပင်စင်လစာထည့်ပေးတဲ့အခါ အမှားအယွင်း လုံးဝမရှိအောင် အသေအချာလုပ်ဆောင်ဖို့ Japan Pension Service ကို သူညွှန်ကြားခဲ့တယ်လို့ မစ္စတာ Goto ကပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် Kishida Fumio ဆီကို အစီရင်ခံခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်က ဒီဝန်ကြီးဋ္ဌာနအနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့၊ ပင်စင်လစာပေးတဲ့စနစ် တိုးတက်ကောင်းမွန်စေဖို့ နဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျစေဖို့ အသေအချာ ကြိုးပမ်းလုပ်ဆောင်သင့်တယ်လို့ ပြောခဲ့ပါတယ်။