ကမ္ဘာ့ပထမဦးဆုံးသော ထိုးဆေးပုံစံ ငှက်ဖျားရောဂါ ကာကွယ်ဆေး WHO အတည်ပြု

ကမ္ဘာ့ပထမဦးဆုံးသော ထိုးဆေးပုံစံ ငှက်ဖျားရောဂါကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။

ခြင်ကိုက်မှုကနေဖြစ်ပွားတဲ့ အဲဒီကူးစက်ရောဂါကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၄သိန်းကျော် သေဆုံးကြရပြီး အဲဒီအထဲမှာ အများစုဟာ အာဖရိကတိုက်က ကလေးငယ်တွေဖြစ်တယ်လို့ WHO က ပြောပါတယ်။
WHO ဟာ ၂၀၁၉ ခုနှစ်ကစပြီး ဂါနာ ၊ ကင်ညာ ၊ မာလာဝီ နိုင်ငံက ကလေး ၈၀၀,၀၀၀ ကျော်ကို ငှက်ဖျားကာကွယ်ဆေး ထိုးပေးတဲ့ ‌ရှေ့ပြေးစီမံချက်ကို လုပ်ဆောင်လာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက ဆေးဝါးကုမ္ပဏီ GlaxoSmithKline နဲ့ တခြားကုမ္ပဏီတွေက လက်တွေ့စမ်းသပ်ကုသမှုတွေအရ အဲဒီထိုးဆေးရဲ့ အာနိသင်နဲ့ ဘေးကင်းစိတ်ချရမှုကို အတည်ပြုနိုင်ပြီလို့ ဆိုပါတယ်။ အဲဒီထိုးဆေးဟာ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားဖြစ်လာနိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေကြောင်း အဲဒီစီမံချက်အရ သိရတယ်လို့ WHO က ပြောပါတယ်။
WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က "နှစ်ပေါင်း ၃၀ ကျော်ကြာမှ ထုတ်လုပ်နိုင်ခဲ့တဲ့ အဲဒီထိုးဆေးဟာ လူထုကျန်းမာရေးသမိုင်းကို ပြောင်းလဲပစ်လိမ့်မယ်" လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။