တရုတ် အိမ်ခြံမြေနယ်ပယ်မှာ ဝရုန်းသုံးကားအခြေအနေ ဆက်ဖြစ်နေ

တရုတ် အိမ်ခြံမြေ ကုမ္ပဏီ Evergrande Group ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းတွေ ဆက်ဖြစ်နေတဲ့ကြားမှာ တခြား တရုတ် အိမ်ခြံမြေ ကုမ္ပဏီတစ်ခုဟာ အကြွေးတွေကို မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဟောင်ကောင် စတော့ရှယ်ယာ ဈေးကွက်မှာ တနင်္လာနေ့ကတည်းက အကြွေးတွေပိနေတဲ့ Evergrande Group ရဲ့ ရှယ်ယာတွေကို ရောင်းဝယ်မှု ပိတ်ထားခဲ့ပါတယ်။
Evergrande ဟာ ပိုပြီး ငွေဖော်နိုင်ဖို့ သူ့ရဲ့ အိမ်ခြံမြေ စီမံခန့်ခွဲရေး ဌာနတစ်ခုကို ရောင်းထုတ်ဖို့ မျှော်လင့်နေတယ်လို့ ဒေသခံ မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။ Evergrande ကုမ္ပဏီက သူတို့ အုပ်စုက မကြာခင်မှာ အဓိကကျတဲ့ ငွေပေးခြေမှုတစ်ခုကို ကြေညာမှာဖြစ်လို့ စတော့ရှယ်ယာ အရောင်းအဝယ်ကို ရပ်ဆိုင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခုထိ အဲဒီလို အပေးအယူနဲ့ပတ်သက်တဲ့ ကြေညာချက် တစ်စုံတစ်ရာ မရှိသေးပါဘူး။
အဲဒီ ကုမ္ပဏီအုပ်စုအနေနဲ့ သူ့ရဲ့ ငွေချေးစာချုပ်တွေအတွက် အတိုးပေးခြေမှု တချို့ကို လုပ်ဆောင်နိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီအတောအတွင်း အလားတူ ဟောင်ကောင် စတော့ရှယ်ယာဈေးကွက်ဝင်ဖြစ်တဲ့ Fantasia Holdings Group ကုမ္ပဏီဟာ တနင်္လာနေ့မှာ ပေးရမယ့် ငွေချေးစာချုပ် အတိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အကြွေးပြန်မဆပ်နိုင်တဲ့ အနေအထားကျရောက်တာ ဖြစ်တယ်လို့ ချေးငွေဆိုင်ရာ အဓိက အကဲဖြတ်လုပ်ငန်းတစ်ခုက အင်္ဂါနေ့မှာ ပြောပါတယ်။
လိုတာထက် ပိုပြီး လှုပ်ရှားမှုတွေရှိနေတဲ့ ဈေးကွက်ကို ငြိမ်သက်အောင် ထိန်းချုပ်ဖို့ တရုတ်အစိုးရက တိုးမြှင့်ကြိုးပမ်းနေတဲ့ ကြားမှာ တရုတ် အိမ်ခြံမြေ ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး ပြဿနာတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ဘဏ္ဍရေးဈေးကွက်တွေအပေါ် ဖြစ်နိုင်ခြေရှိတဲ့ ဂယက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။