အွန်လိုင်း ထိပ်သီးအစည်းအဝေးကျင်းပဖို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် သဘောတူ

အခုနှစ်ကုန်မတိုင်ခင်မှာ အမေရိကန် သမ္မတ Joe Biden နဲ့ တရုတ် သမ္မတ Xi Jinping တို့ရဲ့ အွန်လိုင်း ထိပ်သီးအစည်းအဝေး ကျင်းပဖို့ နှစ်နိုင်ငံ မူအားဖြင့် သဘောတူခဲ့ကြပါတယ်။

မစ္စတာ Biden ရဲ့ နိုင်ငံ့လုံခြုံရေး အကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေး အကြီးအကဲ Yang Jiechi တို့ ဗုဒ္ဓဟူးနေ့က Zurich မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို သဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးမှုကို နှစ်ဘက်စလုံးက အကောင်းဘက်က ရှုမြင်ခဲ့ကြပါတယ်။
အိမ်ဖြူတော် ပြန်ကြားရေးမှူး Jen Psaki က "ဆွေးနွေးမှုတွေရဲ့ ရလဒ်ကတော့ အလွန်တရာ အဆင့်မြင့်ပုံစံနဲ့ ဆွေးနွေးမှု ဆက်လုပ်သွားဖို့ သဘောတူညီချက် ရရှိခဲ့တာပဲ ဖြစ်တယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီ အွန်လိုင်း ထိပ်သီးအစည်းအဝေးဆိုင်ရာ အစီအစဉ်နဲ့ နီးစပ်တဲ့ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ဒီဆွေးနွေးမှုတွေဟာ အခုအချိန်အထိ လုပ်ဆောင်ခဲ့သမျှထဲမှာ အနက်ရှိုင်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။
မစ္စတာ Sullivan က လူ့အခွင့်အရေးဆိုင်ရာ တရုတ်ရဲ့ လုပ်ဆောင်မှုတွေ၊ ထိုင်ဝမ်နဲ့ တခြားအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းနေတာဟာ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေပေမဲ့ တာဝန်ယူမှုအပြည့်ရှိတဲ့ ယှဉ်ပြိုင်မှုတွေကို စီမံခန့်ခွဲနိုင်ဖို့ နှစ်နိုင်ငံအကြား တည်ငြိမ်တဲ့ အနေအထားရှိဖို့ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Zurich က ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး နှစ်ဖက် နားလည်မှုတွေကို နက်ရှိုင်းစေဖို့ အထောက်အကူပြုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် မစ္စတာ Yang က ထိုင်ဝမ်အရေး၊ လူ့အခွင့်အရေးနဲ့ တခြားအရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ သဘောထားကို ရှင်းပြခဲ့ပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားဖို့ အမေရိကန်ပြည်ထောင်စုကို တောင်းဆိုခဲ့တယ်လို့လည်း အဲဒီဌာနက ဆိုပါတယ်။ အမေရိကန်အနေနဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်ပြီးစွဲကိုင်မယ့်အကြောင်း အမေရိကန်ဘက်က မစ္စတာ Yang ကို ပြောခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံစလုံးအတွက်ရော ကမ္ဘာကြီးအတွက်ပါ အကျိုးရှိပေမဲ့ ထိပ်တိုက်တွေ့မှုတွေဟာ ဒါတွေကို ထိခိုက်စေလိမ့်မယ်လို့ မစ္စတာ Yang က ပြောခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရေး ကြိုးပမ်းသွားဖို့ သူတို့သဘောတူခဲ့ကြောင်း မစ္စတာ Yang က ပြောခဲ့တယ်လို့ ဆိုပါတယ်။