အခုနှစ်ကုန်မတိုင်ခင် ဂျပန်ပြည်တွင်းမှာ COVID ကုသမှု သောက်ဆေး ဖြန့်ချိဖို့ MSD ကုမ္ပဏီ ရည်မှန်းနေ

COVID-19 ကုသတဲ့ သောက်ဆေးတစ်မျိုးကို ဂျပန်အစိုးရရဲ့ ခွင့်ပြုချက်ရယူဖို့ အမြန်လျှောက်ထားမယ်လို့ အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Merck ရဲ့ ဂျပန် ကုမ္ပဏီခွဲက ပြောပါတယ်။

Merck ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ MSD ရဲ့ ဥက္ကဋ္ဌ Kyle Tattle နဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Shirasawa Hiromichi တို့က NHK ရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီသောက်ဆေး molnupiravir အတွက် အတည်ပြုချက်ရဖို့ MSD ဟာ ဂျပန်အစိုးရ ကြီးကြပ်ရေးအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ သူတို့ ဆိုပါတယ်။
နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုတွေမှာ molnupiravir ဆေးဟာ ဆေးရုံတင်ရတာနဲ့ သေဆုံးမှု အန္တရာယ်တွေကို ထက်ဝက် လျှော့ချနိုင်တဲ့ ထိရောက်မှုရှိတာကို ပြသခဲ့တယ်လို့ Merck ကုမ္ပဏီက ပြီးခဲ့တဲ့သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
အတည်ပြုချက်ရခဲ့မယ်ဆိုရင် လိုအပ်တဲ့ ပမာဏကို လျင်လျင်မြန်မြန် ဖြည့်ဆည်းပေးဖို့ သူတို့ကုမ္ပဏီဟာ ဂျပန်အစိုးရနဲ့ စာချုပ်ချုပ်မယ်လို့ မစ္စတာ Tattle က ပြောပါတယ်။
အခုအချိန်အထိ ဂျပန်မှာ ရောဂါမပြင်းထန်တဲ့ COVID-19 လူနာတွေကို ကုသတဲ့ ဆေးဝါးတွေဟာ အကြောဆေးပုံစံဖြစ်ပြီး ဆရာဝန်တွေရဲ့ စီမံခန့်ခွဲမှု လိုအပ်ပါတယ်။
အိမ်မှာတင် သုံးစွဲလို့ရတဲ့ သောက်ဆေးတစ်မျိုး တီထွင်ထုတ်လုပ်ဖို့ လူအများက စောင့်မျှော်နေခဲ့ကြပါတယ်။ အခုနှစ်ကုန်နောက်ဆုံးထားပြီး ကမ္ဘာတစ်ဝန်းက လူ ၁၀ သန်းကို လုံလုံလောက်လောက် ကုသမှုပေးနိုင်အောင် ဖြန့်ချိပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ Merck ကုမ္ပဏီက ဆိုပါတယ်။ နောက်နှစ်မှာ လူ သန်း ၂၀ အတွက် ဖြန့်ဖြူးပေးနိုင်အောင် ထုတ်လုပ်မှုတွေ ချဲ့ထွင်ဖို့ အဲဒီကုမ္ပဏီက မျှော်လင့်နေပါတယ်။
ဖြစ်ပွားမယ်လို့ ခန့်မှန်းရတဲ့ ကူးစက်မှု ဆဋ္ဌမလှိုင်း မတိုင်ခင် ဖြန့်ဖြူးရေးစနစ်တစ်ခုကို ထူထောင်ဖို့ MSD က စီစဉ်နေတယ်လို့ မစ္စတာ Shirasawa က ပြောပါတယ်။ လူနာတွေ မြန်မြန် ဆေးကုသမှု ခံယူနိုင်အောင် ရာသီတုပ်ကွေးရောဂါနဲ့အလားတူ ဒေသန္တရ ဆေးခန်းတွေမှာ ဒီဆေးကို ပေးနိုင်လာဖို့ ဒီကုမ္ပဏီက မျှော်လင့်နေတယ်လို့ ဆိုပါတယ်။