စီးပွားရေးအပေါ် ဂျပန် ဗဟိုဘဏ် ဥက္ကဋ္ဌ အကောင်းမြင်နေ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အရှိန်လျော့ကျလာတာကြောင့် ဂျပန်ရဲ့ ပြည်တွင်း စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာမယ်လို့ သူ မျှော်လင့်ကြောင်း Bank of Japan (BOJ) ရဲ့ အကြီးအကဲက ပြောပါတယ်။

BOJ ရဲ့ ဒေသန္တရ ရုံးခွဲဥက္ကဋ္ဌတွေရဲ့ သုံးလပတ် အွန်လိုင်း အစည်းအဝေးတစ်ခုမှာ မစ္စတာ Kuroda Haruhiko က အနေအထားတွေက ဆက်ပြီး ခက်ခဲနေပေမဲ့လည်း စီးပွားရေးဟာ နာလန်ထူတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုတွေ တဖြည်းဖြည်း လျော့ကျလာနေတယ်လို့ သူက ဆိုပါတယ်။ အစိုးရက ခရိုင် ၁၉ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်ကို ရုတ်သိမ်းပြီး သီတင်းတစ်ပတ်အကြာမှာ မစ္စတာ Kuroda ရဲ့ အဲဒီလို မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားက လိုအပ်ချက်တွေ တိုးလာနေတာ၊ ငွေကြေးဖြေလျှော့မှုတွေ ဆက်လုပ်နေခဲ့တာနဲ့ အစိုးရရဲ့ လှုံ့ဆော်အားပေးမှုတွေ အားလုံးပေါင်းစပ်ပြီး စီးပွားရေးတိုးတက်လာမယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် သုည ဝန်းကျင်မှာ ရှိနေတဲ့ စားသုံးသူ ကုန်ဈေးနှုန်း အညွှန်းကိန်းကိုလည်း မစ္စတာ Kuroda က ရည်ညွှန်းပြောကြားခဲ့ပါတယ်။ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အဲဒီ အညွှန်းကိန်းဟာ အနည်းငယ် မြင့်တက်လာမယ်လို့ သူမျှော်လင့်တယ်လို့ ဆိုပါတယ်။