ယုံကြည်မှုနဲ့ နားလည်စာနာမှုတွေ ရရှိဖို့လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် အလေးပေးပြောကြားမယ်

ဂျပန်ဝန်ကြီးချုပ် Kishida Fumio က သောကြာနေ့မှာ ပြောကြားမယ့်သူ့ရဲ့ ပထမဦးဆုံး အထွေထွေမူဝါဒ မိန့်ခွန်းထဲမှာ အများပြည်သူရဲ့ ယုံကြည်မှုနဲ့ နားလည်စာနာမှုတွေ ရရှိတဲ့ နိုင်ငံရေးဖြစ်ဖို့ လိုအပ်တာကို အလေးပေးပြောကြားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီမိန့်ခွန်း မူကြမ်းထဲမှာ မစ္စတာ Kishida က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စိန်ခေါ်မှုတွေကို ပြည်သူတွေနဲ့အတူ အောင်မြင်ကျော်လွှားပြီး ခေတ်သစ်တစ်ခုကို အစပျိုးဖို့ ကြိုးပမ်းမယ်လို့ ဆိုထားပါတယ်။ အုပ်ချုပ်ရေးမူဝါဒတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ စေ့စေ့စပ်စပ် စစ်ဆေးသွားဖို့လည်း သူက ကတိပြုထားပါတယ်။
မစ္စတာ Kishida ရဲ့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေး ဆောင်ရွက်ချက်တွေထဲမှာ အခုနှစ်ကုန်နောက်ဆုံးထားပြီး ကိုရိုနာဗိုင်းရပ်စ်ကို သောက်ဆေးနဲ့ ကုသရေး၊ ကာကွယ်ဆေးထိုးပြီးကြောင်း ဒစ်ဂျစ်တယ် ထောက်ခံစာကို အသုံးပြုပြီး အများပြည်သူ ဘေးကင်းလုံခြုံမှုကို အာမခံရေးနဲ့ ဆေးကုသရေး အရင်းအမြစ်တွေကို ရယူနိုင်ဖို့ ဥပဒေဆိုင်ရာ ပြောင်းလဲပြင်ဆင်မှု လုပ်ဆောင်ရေးတွေ ပါဝင်ပါတယ်။
စီးပွားရေးတိုးတက်မှုနဲ့ ကြွယ်ဝချမ်းသာမှု ခွဲဝေခံစားတဲ့ ကောင်းမွန်တဲ့ သံသရာလည်ပတ်မှုပုံစံ၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ယှဉ်တွဲနေထိုင်တာက ပုံမှန်ဖြစ်တဲ့ လူ့ဘောင်သစ်တစ်ခု ဖန်တီးမှုတွေကို အကောင်အထည်ဖော်မယ်လို့ သူက ကတိပေးမှာ ဖြစ်ပါတယ်။
ခေတ်မီ သိပ္ပံနည်းပညာတွေအတွက် သုတေသနနဲ့ တီထွင်မှုတွေမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံတာနဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေ တည်ဆောက်တာတွေလို စီးပွားရေးတိုးတက်မှု ဗျူဟာတွေကို မစ္စတာ Kishida က ချမှတ်မှာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေရဲ့ လုပ်အားခတိုးမြှင့်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အခွန်ဆိုင်ရာ လျှော့ပေါ့မှု ချဲ့ထွင်ဖို့နဲ့ ဘွဲ့ရပြီးနောက် အလုပ်ရတဲ့အခါ ပြန်ဆပ်နိုင်တဲ့ ချေးငွေပုံစံနဲ့ ကျောင်းသားတွေအတွက် ပညာရေးနဲ့ အိမ်လခ ထောက်ပံ့ဖို့ အစီအစဉ်တွေကိုလည်း သူက ရေးဆွဲမှာဖြစ်ပါတယ်။