အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် Amazon ရဲ့ အမေရိကန် ဝဘ်ဆိုက်မှာ စာမျက်နှာတစ်ခု JETRO စတင်ဖို့ ရှိ

အစိုးရရဲ့ ထောက်ပံ့မှုကို ရရှိထားတဲ့ ဂျပန်ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုဟာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်က ဈေးဝယ်သူတွေဆီ ကုန်ပစ္စည်းရောင်းချနိုင်အောင် ကူညီပေးနေပါတယ်။

အဲဒီအဖွဲ့ဟာ အွန်လိုင်းရောင်းဝယ်ရေး အကြီးစား ဝဘ်ဆိုက် Amazon မှာ “Japan Store” လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာတစ်ခုကို စတင်မှာ ဖြစ်ပါတယ်။
ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) က အဲဒီ စာမျက်နှာကို လာမယ့်လအတွင်း အသုံးပြုနိုင်အောင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဂျပန်စီးပွားရေးလုပ်ငန်းတွေဟာ အဲဒီကနေတစ်ဆင့် အမေရိကန် ဖောက်သည်တွေဆီ အလှကုန်ပစ္စည်းနဲ့ အစားအသောက်တွေလို ကုန်ပစ္စည်းတွေကို ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အဲဒီ ဝန်ဆောင်မှုအတွက် ကုန်ကျခံရမှာ ဖြစ်ပါတယ်။ အိမ်အရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုအတွက်တော့ Amazon ကုမ္ပဏီက ကူညီမှာ ဖြစ်ပါတယ်။
ကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေအတွက် ကြော်ငြာတဲ့စရိတ်ကို JETRO က တစ်စိတ်တစ်ပိုင်း ကုန်ကျခံမှာ ဖြစ်ပါတယ်။ Amazon ရဲ့ အမေရိကန် ဝဘ်ဆိုက်ကို အသုံးပြုသူအရေအတွက်ဟာ တစ်လကို သန်း ၅၀၀ နီးပါး ရှိတယ်လို့ ဆိုကြပါတယ်။
ကပ်ရောဂါအတွင်း အသေးစားနဲ့ အလတ်စား ဂျပန်စီးပွားရေးလုပ်ငန်း အများအပြားဟာ ဝယ်လိုအား ကျဆင်းမှုကြောင့် ရုန်းကန်နေရတဲ့အတွက် JETRO ဟာ သူတို့ရဲ့ လုပ်ငန်းတွေကို မြှင့်တင်ပေးချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။