Facebook ဟာ “ကလေးသူငယ်တွေကို ထိခိုက်စေတယ်” လို့ ကုမ္ပဏီရဲ့ အတွင်းရေး ဖော်ထုတ်သူ ပြော

Facebook က ဖန်တီးခဲ့တဲ့ အကျပ်အတည်း ပြဿနာတွေကို ဖြေရှင်းဖို့ အမေရိကန်လွှတ်တော်အမတ်တွေအနေနဲ့ ကြားဝင်စွက်ဖက်သင့်တယ်လို့ ကုမ္ပဏီရဲ့ အတွင်းရေး ဖော်ထုတ်သူတစ်ဦးက အမတ်တွေကို အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

Facebook ရဲ့ ကုန်ပစ္စည်းတွေဟာ ကလေးငယ်တွေကို ထိခိုက်စေတာ၊ သဘောထားကွဲပြားမှုတွေကို လှုံ့ဆော်တာနဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီကို အားနည်းစေတာတွေ ဖြစ်စေတယ်လို့ Frances Haugen က ပြောပါတယ်။
မီးစ် Haugen ဟာ မှားယွင်းတဲ့ နိုင်ငံရေး သတင်းအချက်အလက်တွေကို တိုက်ဖျက်တဲ့ Facebook ကုမ္ပဏီရဲ့ အဖွဲ့မှာ ၂ နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တာနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ သူက ယူဆပြီး စိတ်ပျက်မိတာကြောင့် မေလမှာ သူ အလုပ်ထွက်ခဲ့ပါတယ်။ သူဟာ Wall Street Journal ကို ကုမ္ပဏီရဲ့ အတွင်းပိုင်းစာရွက်စာတမ်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ကုမ္ပဏီရဲ့ အချင်းချင်း ဓာတ်ပုံ မျှဝေတဲ့ ဝန်ဆောင်မှု Instagram ဟာ လူငယ်ပိုင်း အသုံးပြုသူတွေ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှု ရှိတယ်ဆိုတာကို ဝန်ထမ်းတွေ သိကြတယ်လို့ မီးစ် Haugen က ပြောပါတယ်။ ကုမ္ပဏီအမှုဆောင်အရာရှိတွေက အသက် ၁၃ နှစ်အောက်က ကလေးသူငယ်တွေအတွက် ရည်ရွယ်တဲ့ ဝန်ဆောင်မှုကို စတင်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ အဲဒီ ဝန်ဆောင်မှုအတွက် ဖန်တီးနေတာတွေကို ပြီးခဲ့တဲ့အပတ်က ရပ်ဆိုင်းခဲ့ပါတယ်။
Facebook ၊ Instagram နဲ့ WhatsApp ဝန်ဆောင်မှုတွေ ကမ္ဘာတစ်ဝန်းမှာ ရပ်တန့်သွားတဲ့နေ့ရဲ့ နောက်တစ်နေ့မှာ အဲဒီလို ထုတ်ဖော်ပြောဆိုမှု ရှိလာတာ ဖြစ်ပါတယ်။ ကုမ္ပဏီခေါင်းဆောင်တွေဟာ မီးစ် Haugen ပြောခဲ့တဲ့ အချက်တွေ တော်တော်များများအပေါ် သဘောမတူခဲ့ဘူးလို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။