စီးပွားရေးတိုးတက်မှုနှေးကွေးပြီး ကုန်စျေးနှုန်းတွေတက်နေကြောင်း IMF အကြီးအကဲ သတိပေး

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးပြန်လည် နာလန်ထလာနိုင်ရေးအပေါ် ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေပြီး နိုင်ငံအတော်များများမှာ ကုန်စျေးနှုန်းတွေ ထိုးတက်နေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ က သတိပေးလိုက်ပါတယ်။

IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က အင်္ဂါနေ့က အွန်လိုင်းကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ အဲဒီလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
IMF ဟာ ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို ဇူလိုင်လက ကြေညာခဲ့တဲ့ အရင်ခန့်မှန်းချက် ၆ ရာခိုင်နှုန်းထက် အနည်းငယ် ပိုနှေးကွေးနိုင်မယ်လို့ တွက်ဆကြောင်း သူက ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုတွေက ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို မောင်းနှင်နေဆဲဖြစ်ပေမယ့် အရှိန်စတင် လျော့လာနေပြီ ဖြစ်တယ်လို့ မီးစ် Georgieva က ပြောခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှုနှုန်းတွေဟာ တချို့နိုင်ငံတွေမှာ အလျင်အမြန် မြင့်တက်နေတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
သူက “ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်လို့ အထူးစိုးရိမ်စရာ တစ်ခုကတော့ ကမ္ဘာ့ စားသောက်ကုန်စျေးနှုန်းတွေ တက်လာနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာနေတယ်။ စွမ်းအင်စျေးနှုန်းတွေမြင့်တာလာတာနဲ့အတူ ဆင်းရဲတဲ့မိသားစုတွေအပေါ် နောက်ထပ် ဖိအားတွေ တိုးလာနေတယ်” လို့ ပြောခဲ့ပါတယ်။
ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှုအပေါ် အနှောင့်အယှက် ဖြစ်နေတာတွေကို ထိန်းချုပ်နိုင်တာနဲ့ ကုန်စျေးနှုန်းတွေ တဖြည်းဖြည်း တည်ငြိမ်လာမယ်လို့ အများက မျှော်လင့်နေကြပါတယ်။