ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်က နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းမယ်ဟု ကတိပြု

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်က ဒီရာထူးမှာ ဆက်လက် တာဝန်ထမ်းဆောင်မယ်ဆိုတာနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု ရအောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

နယူးယောက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို NHK က မေးမြန်းခဲ့ပါတယ်။
သူဒီရာထူးကို ဆက်ထိန်းထားနိုင်ရင် သူ့အဖွဲ့ဟာ ဒီကနေတစ်ဆင့် မြန်မာပြည်သူတွေရဲ့ အသံတွေနဲ့ လက်တွေ့ဖြစ်ပေါ် အနေအထားတွေကို နိုင်ငံတကာ အသိုက်အဝန်းကို ပေးပို့နိုင်တယ်လို့ ဦးကျော်မိုးထွန်းက ရှင်းပြခဲ့ပါတယ်။
အပြစ်ကင်းတဲ့ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့၊ စစ်တပ်က အာဏာသိမ်းထားတာ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် တောင်းဆိုမှုများစွာနဲ့ မေတ္တာရပ်ခံမှုများစွာ ပြုလုပ်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တော်လှန်ဖို့ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေက တောင်းဆိုနေတာတွေကိုလည်း သူက ကာကွယ်ပြောဆိုခဲ့ပါတယ်။
စစ်တပ်က လူပေါင်း ၁၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ သူက မှတ်ချက်ပြု ပြောဆိုခဲ့ပြီး ကိုယ်ကိုယ့်ကိုယ် ကာကွယ်ဖို့အတွက် တိုက်ခိုက်နေရတဲ့ ပြည်သူတွေကို နားလည်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို သူက မေတ္တာရပ်ခံခဲ့ပါတယ်။