မြောက်ပိုင်းနယ်မြေကျွန်းတွေဆီ သွားခွင့်မရှိတာကြောင့် ပင်လယ်တွင်းမှာ အောက်မေ့ဖွယ်ပွဲ ပြုလုပ်

ဂျပန်မြောက်ပိုင်းနယ်မြေကျွန်းတွေဆီ သွားရောက်လည်ပတ်ခွင့် အစီအစဉ်တွေကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း ဖျက်သိမ်းလိုက်တာကြောင့် အဲဒီကျွန်းတွေမှာနေထိုင်ခဲ့တဲ့ ဒေသခံဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ပင်လယ်ထဲမှာပဲ အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ကျင်းပခဲ့ကြပါတယ်။

ရုရှားက ထိန်းချုပ်ထားတဲ့ကျွန်း ၄ ကျွန်းကို ဂျပန်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုပါတယ်။ ဂျပန်အစိုးရက အဲဒီကျွန်းတွေဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တရားမဝင် သိမ်းပိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံဟောင်းတွေနဲ့ မိသားစုဝင် ၃၈ဦးဟာ ဗုဒ္ဓဟူးနေ့မနက်က ဂျပန်နိုင်ငံ မြောက်ပိုင်းက ဟော့ကိုင်းဒိုး ခရိုင်မှာရှိတဲ့ Rausu မြို့ ဆိပ်ကမ်းတစ်ခုကနေ စီးလုံးငှား သင်္ဘောတစ်စင်းနဲ့ ထွက်ခွာခဲ့ကြပါတယ်။
အဲဒီ သင်္ဘောဟာ Rausu ကျွန်းနဲ့ ရုရှားက ထိန်းချုပ်ထားတဲ့ ကျွန်းတွေထဲက တစ်ကျွန်းဖြစ်တဲ့ Kunashiri ကျွန်းအကြားက ရေပြင်မှာရှိတဲ့ အလယ်စည်းမျဉ်းရှေ့မှာ ရပ်လိုက်ပါတယ်။
ပါဝင်သူတွေဟာ တစ်မိနစ်ငြိမ်သက်ဆုတောင်းခဲ့ကြပြီး သင်္ဘောကုန်းပတ်မှာ ပြင်ဆင်ထားတဲ့ အမွေးနံ့သာတွေကို ထွန်းညှိခဲ့ကြပါတယ်။ သူတို့ဟာ ကျွန်းတွေဆီ မျက်နှာမူပြီး လက်အုပ်ချီ ဆုတောင်းခဲ့ကြပါတယ်။
ကျွန်းတွေမှာရှိတဲ့ ဘိုးဘွားတွေရဲ့ အုတ်ဂူကို သွားရောက်ဂါရဝပြုခွင့်နဲ့ ဗီဇာကင်းလွတ်ခွင့် ဖလှယ်တာတွေအပါအဝင် အဲဒီကျွန်းတွေနဲ့သက်ဆိုင်တဲ့ ဂျပန်နဲ့ရုရှားအကြားက အစီအစဉ်တွေအကုန်လုံးကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် ၂နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။