အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူများ ကိစ္စဟာ ထိပ်တန်းဦးစားပေး ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ပြောကြား

ဂျပန်ဝန်ကြီးချုပ် Kishida Fumio က မြောက်ကိုရီးယားက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်တဲ့ ဂျပန်လူမျိုးတွေကို နေရပ်ပြန်ခေါ်လာနိုင်ရေးဟာ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေး ကိစ္စတစ်ရပ်ဖြစ်တယ်လို့ အဲဒီသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ပြောကြားခဲ့ပါတယ်။

မစ္စတာ Kishida က အဓမ္မဖမ်းဆီးခေါ်ဆောင် ခံရသူတွေရဲ့ မိသားစုဝင်များအဖွဲ့ရဲ့ ခေါင်းဆောင် Iizuka Shigeo အပါအဝင် အရင်နေ့ရက်တွေက ဒီကိစ္စနဲ့နီးစပ်သူတွေကို သူခေါ်ဆိုခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကိစ္စဟာ အရင် အစိုးရလက်ထက်ကတည်းက ဖြစ်ပြီး သူ့အစိုးရသစ် လက်ထက်မှာလည်း ဦးစားပေးအဖြစ်ဆက်ရှိနေမှာ ဖြစ်တယ်လို့ မစ္စတာ Kishida က အဲဒီသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ အင်္ဂါနေ့က တယ်လီဖုန်းနဲ့ စကားပြောဆိုရာမှာ ဒီကိစ္စကို သူတို့နိုင်ငံတွေ အတူလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထပ်လောင်း အတည်ပြုခဲ့တယ်လို့လည်း သူက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေမျိုးသားချင်းတွေ နှစ်ရှည်လများ ခံစားနေခဲ့ရတာတွေကိုလည်း သူ အလေးအနက်ထားပါတယ်လို့ မစ္စတာ Kishida က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ သူ့အစိုးရဟာ ပြန်ပေးဆွဲခံရသူတွေ အမြန်ဆုံး နေရပ်ပြန်လာနိုင်အောင် အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ သူက ပြောကြားခဲ့ပါတယ်။