ဂျပန့်ကမ်းလွန်မှာ ဒုံးကျည်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား သင်္ဘောကို တွေ့ရှိရ

ဇွန်လအနှောင်းပိုင်းမှာ ဂျပန်ပင်လယ်တွင်းက ဂျပန့်ငါးဖမ်းကွင်း နေရာမှာ ရေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တစ်စင်း တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့တယ်လို့ NHK က သိရှိရပါတယ်။

Ishikawa ခရိုင် Noto ကျွန်းဆွယ်ကမ်းလွန်က Yamatotai ဧရိယာမှာ မြောက်ကိုရီးယားအစိုးရပိုင် သင်္ဘောတစ်စင်း ရှိနေတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဲဒီ ဒုံးကျည်ဟာ ယခင် ဆိုဗီယက်ပြည်ထောင်စုက တီထွင်ထားတဲ့ SA-16 အမျိုးအစားနဲ့ အလားတူ ဒုံးကျည်ဖြစ်တယ်လို့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။ အဲဒီ ဒုံးကျည်ဟာ ၄.၅ ကီလိုမီတာ အကွာအဝေးကို ပစ်နိုင်တယ်လို့ သိရပါတယ်။ အဲဒီ ဒုံးကျည် တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား သင်္ဘော Yamatotai ဧရိယာ ထဲမှာရှိနေတယ်လို့ အတည်ပြုတာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
၂၀၀၁ ခုနှစ်မှာ ဒုံးကျည်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား သူလျှိုသင်္ဘောဟာ ဂျပန်ကမ်းခြေစောင့်တပ် ကင်းလှည့်သင်္ဘောနဲ့ အပြန်အလှန် ပစ်ခတ်ကြပြီးနောက် အရှေ့တရုတ်ပင်လယ်ထဲက Amami-Oshima ကျွန်းအလွန်မှာ နစ်မြှုပ်သွားခဲ့ပါတယ်။
Yamatotai ဧရိယာဟာ ဂျပန့်အထူး စီးပွားရေးဇုန်ထဲမှာ တည်ရှိပြီး ဂျပန့် အဓိက ငါးဖမ်းကွင်းနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
အဲဒီ ဧရိယာမှာ လုပ်ကိုင်နေတဲ့ ဂျပန့်ငါးဖမ်းသင်္ဘောတွေရဲ့ ဘေးကင်းစိတ်ချရမှုကို အာမခံနိုင်ဖို့ ဂျပန်ကမ်းခြေစောင့်တပ်က သတိပေးအဆင့်ကို မြှင့်တင်ခဲ့ပါတယ်။
ကမ်းခြေစောင့်တပ်ဟာ သံသယရှိတဲ့ သင်္ဘောတွေကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ နောက်ထပ် ကင်းလှည့်ရေယာဉ်တွေ ဖြန့်ချခဲ့ပြီး မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံးလုပ်ဆောင်မှုရဲ့ ရည်ရွယ်ချက်ကို ဆန်းစစ်လေ့လာနေပါတယ်။