ရူပဗေဒဆိုင်ရာ နိုဘယ်လ် ဆုကို ဂျပန်သိပ္ပံပညာရှင်နဲ့ တခြားသိပ္ပံပညာရှင် ၂ဦး ရရှိခဲ့

အခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့သူတွေထဲမှာ ဂျပန်နိုင်ငံဖွား သိပ္ပံပညာရှင်Syukuro Manabe လည်း ပါဝင်ပါတယ်။

နိုဘယ်လ်ဆုရှင် ၃ဦးရဲ့ သိပ္ပံဆိုင်ရာ အောင်မြင်မှုတွေဟာ ရာသီဥတုနဲ့ ရာသီဥတုအပေါ် လူသားတွေရဲ့ လွှမ်းမိုးမှုတွေနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်လာစေတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်တယ်လို့ Royal Swedish Academy of Sciences က အသိအမှတ်ပြုခဲ့ပါတယ်။
ရူပဗေဒအတတ်ပညာနဲ့ ကမ္ဘာ့မြေရဲ့ ရာသီဥတု ပြောင်းလဲမှုကို တိုင်းတာနိုင်မှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ယုံကြည်စိတ်ချလောက်တဲ့ ခန့်မှန်းတွက်ချက်နိုင်မှုတွေအတွက် မစ္စတာ Manabe နဲ့ မစ္စတာ Klaus Hasselmann တို့ကို နိုဘယ်ဆုရဲ့ တစ်ဝက်ကို ပူးတွဲချီးမြှင့်ကြောင်း အဲဒီ Academy က ကြေညာခဲ့ပါတယ်။
နိုဘယ်လ်ဆုရဲ့ ကျန်တစ်ဝက်ကိုတော့ အဏုမြူမှုန်လေးတွေကနေ ဂြိုဟ်တွေအထိ ရူပဗေဒစနစ်မှာ ကစဉ့်ကလျား မူမမှန်တာနဲ့ အတက်အကျ မတည်ငြိမ်ပဲ ပြောင်းလဲမှုတွေရဲ့ အပြန်အလှန် သက်ရောက်အားပြိုင်မှုတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ မစ္စတာ Giorgio Parisi ကို ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Manabe နဲ့ မစ္စတာ Klaus Hasselmann တို့ ၂ဦးစလုံး ကမ္ဘာ့မြေရဲ့ ရာသီဥတု ပြောင်းလဲမှုကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု ရရှိတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
မစ္စတာ Manabe ဟာ အသက် ၉၀ ရှိပြီဖြစ်ပြီး အခုလို ဆုရရှိတဲ့အတွက် အလွန်အံ့သြဝမ်းမြောက်ရတယ်လို့ ပြောကြားခဲ့ပါတယ်။
သူဟာ အမေရိကားကို မပြောင်းရွေ့ခင်က တိုကျို တက္ကသိုလ်မှာ ပါရဂူဘွဲ့ရရှိခဲ့ပါတယ်။ အခုလက်ရှိမှာ New Jersey ပြည်နယ်မှာရှိတဲ့ Princeton တက္ကသိုလ် က အကြီးတန်း မိုးလေဝသပညာရှင်တစ်ဦး ဖြစ်ပါတယ်။
သူဟာ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုဟာ ကမ္ဘာ့မြေပြင်ရဲ့ အပူချိန်ကို ဘယ်လောက် မြှင့်တက်လာစေတယ် ဆိုတာနဲ့ပတ်သက်ပြီး ၁၉၆၀ တန်းနှစ်မှာ သရုပ်ပြသနိုင်ခဲ့ပါတယ်။
မစ္စတာ Klaus Hasselmann ကလည်း ဒါကို အခြေခံပြီး စမ်းသပ်လေ့လာခဲ့ပါတယ်။ မိုးလေဝသနဲ့ ရာသီဥတုရဲ့ ဆက်နွယ်မှုကို ပြသနိုင်ခဲ့ပါတယ်။ ရာသီဥတုမှာ လူသားတွေရဲ့လှုပ်ရှားမှုတွေက သက်ရောက်နေတယ်ဆိုတာကို ဖော်ထုတ်ပြသနိုင်တဲ့ နည်းလမ်းတွေကို သူက တီထွင်ခဲ့ပါတယ်။ ဒီနည်းလမ်းတွေကြောင့် သိပ္ပံပညာရှင်တွေဟာ လူသားတွေဖန်တီးလိုက်တဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေဟာ အပူချိန်ကို မြင့်တက်စေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
နောက်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Giorgio Parisi က ရူပဗေဒနယ်ပယ်မှာ အကျိုးရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူက ရှုပ်ထွေးတဲ့စနစ်တွေထဲမှာ ကွယ်ဝှက်နေတဲ့ ပုံစံတွေကို ဖော်ထုတ်ပေးခဲ့ပါတယ်။ အဲဒီလိုဖော်ထုတ်နိုင်မှုက အလျည်းသင့်သလို ဖြစ်ပေါ်နေပုံရတဲ့ ဖြစ်စဉ်တွေကို နယ်ပယ်မျိုးစုံက သိပ္ပံပညာရှင်တွေ ပိုမိုနားလည်လာနိုင်ဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။