အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ တရုတ်နဲ့ ပတ်သက်တဲ့ အစီအစဉ် ရေးဆွဲ

အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်သီး ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းသူက တရုတ်ခေါင်းဆောင်တွေကို ကတိမတည်ဘူးလို့ တနင်္လာနေ့က စွပ်စွဲခဲ့ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Katherine Tai က တရုတ်အစိုးရ အရာရှိတွေနဲ့ ဘေဂျင်းမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ပြောခဲ့ပါတယ်။
ဝါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ ပညာရှင်အကြံပေးအဖွဲ့ ညီလာခံတစ်ခုမှာ မီးစ် Tai က မိန့်ခွန်းပြောကြားရာမှာ တရုတ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ပြန်လည်စေ့စပ်ဆွေးနွေးရေးဆိုင်ရာ လမ်းပြမြေပုံတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အရာရှိတွေဟာ အမေရိကန် ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အန္တရာယ်ရှိတဲ့ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကာကွယ်ဖို့ နည်းလမ်းမျိုးစုံကို အပြည့်အဝ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ်က သမ္မတဟောင်း Trump အစိုးရအဖွဲ့နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။ အခုနှစ်ကုန်မတိုင်မီ အမေရိကန်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုး ဝယ်ယူဖို့ သူတို့က ကတိပြုခဲ့ပါတယ်။ တရုတ်ရဲ့ ဝယ်ယူမှုဟာ နည်းပါးနေသေးတယ်လို့ မီးစ် Tai က ဆိုပါတယ်။
တရုတ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ပြည်တွင်းက လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ ထောက်ပံ့ငွေတွေကို လွန်လွန်ကဲကဲ အသုံးပြုနေတယ်လို့ မီးစ် Tai က ပြောခဲ့ပါတယ်။ အမေရိကန်အရာရှိတွေအနေနဲ့ အမေရိကန်လုပ်သားတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။
သမ္မတ Biden အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် အကောက်ခွန် ၂၅ရာခိုင်နှုန်းအထိ ဆက်လက်ကောက်ခံနေပါတယ်။ အမေရိကန်ကုမ္ပဏီတွေဟာ သူတို့လိုအပ်တဲ့ ပစ္စည်းတွေ ပြည်တွင်းမှာ မရှိလို့ တရုတ်ကနေတင်သွင်းရမယ်ဆိုရင် အကောက်ခွန် ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါတယ်။