ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေး ကန့်သတ်ဇုန်ထဲကို တရုတ် ၁၄၉ ကြိမ် ဝင်ရောက်ခဲ့

ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေး ကန့်သတ်ဇုန်ထဲကို တရုတ် စစ်ဘက် လေယာဉ်တွေ ဝင်ရောက်တဲ့ အရေအတွက်ဟာ ၄ ရက်အတွင်းမှာတင် အကြိမ် ၁၄၀ ကျော်ခဲ့ပါတယ်။

တနင်္လာနေ့မှာ ထိုင်ဝမ် အနောက်တောင်ဘက် ရေပြင်ပေါ်က အဲဒီဇုန်ထဲကို တရုတ် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်နဲ့ တခြားလေယာဉ် ၅၆ စင်း ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီဇုန်အတွင်း တရုတ်လေယာဉ်တွေ ဝင်ရောက်မှုနဲ့ပတ်သက်ပြီး အဲဒီဝန်ကြီးဌာနက သတင်းအချက်အလက်တွေ စတင် ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နောက်ပိုင်းမှာ အဲဒီပမာဏဟာ တစ်နေ့တာအနေနဲ့ အများဆုံးဖြစ်ပါတယ်။
တရုတ်က သူ့နိုင်ငံထူထောင်တဲ့နေ့လို့ သတ်မှတ်ထားတဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကတည်းက အဲဒီလို ဝင်ရောက်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ပထမ ၄ ရက်အတွင်း ဝင်ရောက်မှုစုစုပေါင်း ၁၄၉ ကြိမ် ရှိခဲ့ပါတယ်။
အောက်တိုဘာလရဲ့ ပထမ ၂ ရက်အတွင်းနဲ့ တနင်္လာနေ့တွေမှာ တရုတ်ရဲ့ အဓိက တိုက်လေယာဉ် အများအပြားဟာ အဲဒီဇုန်အတွင်းကို နေ့အချိန်သာမက ညအချိန်မှာလည်း ဝင်ရောက်ပျံသန်းခဲ့ပါတယ်။
ဒီလို လုပ်ဆောင်မှုတွေအရ တရုတ်ရဲ့ ရေတပ်အုပ်စုထဲမှာ အဓိက တိုက်လေယာဉ်တွေ ပိုရှိနေပြီး တပ်ဖွဲ့ပေါင်းစုံ စစ်ဆင်ရေးစွမ်းရည်နဲ့ ပိုင်းလော့တွေရဲ့ ညအချိန် ပျံသန်းမှု စွမ်းရည်တွေ တိုးတက်လာနေတာကို ပြသနေတယ်လို့ ထိုင်ဝမ်ရဲ့ National Policy Foundation အဖွဲ့အစည်းက Jie Zhong က ပြောပါတယ်။
ထိုင်ဝမ်ရဲ့ ပြည်မရေးရာကောင်စီက ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ငြိမ်းချမ်းမှုကင်းပြီး “တာဝန်ယူခြင်းကင်းမဲ့တဲ့ ရန်စမှုတွေ” လို့ သူတို့ကောင်စီက ခေါ်ဝေါ်တဲ့ လုပ်ရပ်တွေကို တရုတ်က ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် အဲဒီလုပ်ရပ်တွေဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို သိသိသာသာ ထိခိုက်စေပြီး ဒေသတွင်း တင်းမာမှုတွေကို မြင့်တက်စေတယ်လို့လည်း အဲဒီကောင်စီက ဆိုပါတယ်။