အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ Yokota Megumi ရဲ့ မွေးနေ့မှာ သူလွတ်မြောက်ရေး မိသားစု တောင်းဆို

ဂျပန်လူမျိုး မီးစ် Yokota Megumi ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က မြောက်ကိုရီးယားသူလျှိုတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာကိုသာ မခံခဲ့ရဘူးဆိုရင် ဒီကနေ့ သူ့ရဲ့ ၅၇ နှစ်မြောက်မွေးနေ့ကို ဂျပန်မှာ ကျင်းပနိုင်မှာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာ မိခင်ဖြစ်သူ မီးစ် Sakie က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မိသားစုနဲ့ ကျင်းပခဲ့တဲ့ သမီးရဲ့ မွေးနေ့ပွဲတွေကို ပြန်ပြောင်းသတိရရင်း ဝမ်းနည်းရတယ်လို့ မီးစ် Sakie က ပြောပါတယ်။ သမီးနဲ့အတူ မွေးနေ့ပွဲကို မကျင်းပနိုင်တာ အလွန်ကြေကွဲစရာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဓမ္မဖမ်းဆီးခေါ်ဆောင်မှု အရေးကိစ္စကို အရင်ဆုံး အစောဆုံး ကိုင်တယ်ဖို့ ဂျပန်ရဲ့ ဝန်ကြီးချုပ်သစ် Kishida Fumio ကို သူက တောင်းဆိုခဲ့ပါတယ်။
မီးစ် Megumi ရဲ့ မောင်ဖြစ်သူ Takuya က အစ်မဖြစ်သူဟာ သူဘာဖြစ်လို့ မိမိရဲ့ အိမ်ကို မပြန်နိုင်ရသလဲလို့ တွေးရင်း နှစ်ပေါင်းများစွာကို ဖြတ်သန်းနေရမှာ မလွဲဘူးလို့ ပြောပါတယ်။
အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ အားလုံးကို ပြန်ခေါ်နိုင်ဖို့ ဆုံးဖြတ်ချက်ချပြီး ဂျပန်အစိုးရဟာ မြောက်ကိုရီးယားနဲ့ ထိပ်သီး ဆွေးနွေးပွဲကျင်းပရေး စီစဉ်သင့်တယ်လို့ မစ္စတာ Takuya က ဆိုပါတယ်။
ဂျပန်အစိုးရဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ထံကို ဒီ အဓမ္မဖမ်းဆီးမှုအရေးကိစ္စကို ဖြေရှင်းတာဟာ မြောက်ကိုရီးယားအတွက်လည်း အကျိုးရှိကြောင်း သတင်းစကား တိုက်ရိုက်ပေးဖို့ သူ့အနေနဲ့ လိုလားတယ်လို့ မစ္စတာ Takuya က ပြောပါတယ်။